ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ပါတီဥက္ကဌကြီး ခူးထဲဘူးဖဲ၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်း



၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့

          ခူးထဲဘူးဖဲသည် အဖ ခွီးဆူ နှင့် အမိမော်ဖိုးမာတို့မှ ကရင်နီပြည်၊ ဖရုဆိုမြို့နယ်၊ ကေးလျားကျေးရွာ၌ ၁၉၃၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မွေးဖွားခဲ့သော သားသမီး(၆)ဦးအနက် ပဉ္စမမြောက်သား ဖြစ်သည်။
          ခူးထဲဘူးဖဲသည် ငယ်စဉ်က တောင်ကြီး၊ ကလော၊ မန္တလေး၊ တောင်ငူ၊ မော်လမြိုင်တို့တွင် ပညာသင်သူဆည်းပူးခဲ့ပြီး ၁၉၆၀ခုနှစ်တွင် ရန်ကုန်သက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဥပဒေပညာကိုလည်း တစ်နှစ်ဆက်လက်ဆည်းပူးခဲ့သည်။
          ခူးထဲဘူးဖဲသည် သူငယ်ချင်းဖြစ်သူ ခူးစိုးရယ်နှင့်အတူ ကရင်နီစာပေအားတီထွင်ခဲ့ရာ ၁၉၅၉ခုနှစ်၌ ပြီးစီးခဲ့သည်။ ဗိုလ်နေ၀င်းမှ အာဏာသိမ်းပိုက်ပြီးနောက်၌ အဆိုပါစာပေအား တရားဝင်အသုံးပြုနိုင်ရန် လွတ်တော်သို့ တင်ပြရာတွင် လက်မခံပယ်ချခြင်းခံခဲ့ရသည်။
          ခူးထဲဘူးဖဲသည် လွိုင်ကော်မြို့၊ အထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် ၁၉၆၁ခုနှစ်မှ ၁၉၆၄ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ပြည်နယ်ပြန်ကြားရေးဌာန၌ ပြန်ကြားရေးအရာရှိအဖြစ် ၁၉၆၄ခုနှစ်မှ ၁၉၆၆ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
          ၁၉၆၆ခုနှစ်တွင် ကရင်နီအမျိုးသားခုခံတော်လှန်ရေးသို့ ၀င်ရောက်ခဲ့ပြီး အမျိုးသားရေးတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင် ဖြည့်စွက်ရန် ပါတီဥက္ကဌမှ တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၇၄ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၇၇ခုနှစ်၊ စတုတ္ထအကြိမ် အမျိုးသားကွန်ကရက်တွင် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ၁၉၈၅ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ)၏ မြောက်ပိုင်းခရီးစဉ်တွင် ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့တို့နှင့် တွေကဆုံခဲ့သည်။
          ၁၉၉၂ခုနှစ်။ သတ္တမြောက်ပါတီကွန်ကရက်တွင် ပါတီဒုတိယ ဥက္ကဌအဖြစ် ရွေးကောက်ခံခဲ့ရသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌနှင့် ကရင်နီအစိုးရ၏ ၀န်ကြီးချုပ်အဖြစ် ၁၉၉၇ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၅ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၉ခုနှစ်တွင် တစ်ကြိမ် ပါတီကွန်ကရက်မှ ရွေးချယ်တင်မြောက်ခြင်းခံရပြီး တာဝန်ထမ်းဆောင်ခဲ့သည်မှာ ကွယ်လွန်သည့်အချိန်အထိဖြစ်သည်။
          ၂၀၀၈ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ တိုင်းရင်းသားလူမျိုးများကောင်စီ၏ ဥက္ကဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
          ခူးထဲဘူးဖဲသည် ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက်နေ့၊ ညနေ၃း၃၀နာရီအချိန်တွင် မယ်ဟောင်ဆောင်မြို့၊ စရိစ၀မ်ဆေးရုံ၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ဇနီးဖြစ်သူ မော်ဒေးဒေးဖေါနှင့်အတူ သားသမီး(၅)ဦးနှင့် မြေး(၁)ဦး ကျန်ရစ်ခဲ့သည်။

Comments