မိုးတိတ်ရင် သားပြန်လာခဲ့မယ်

မေမေ …………

အဝေးရောက်နေတဲ့ သားလေး နယ်စပ်တစ်ရောမှ အမေ့ကို သတိရစာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာပါတယ်နောမေ။ မွေးရာဇာတိ ဇာနပုဒ်လေးနဲ့ အမေ့တို့ကို  လွမ်းနေတယ်။ အတူတူနေခဲ့ရတဲ့ မိသားစုဘ၀ အတိတ်အကြောင်း ရွာလေးကိုပါ တွေးရင်း ပြန်ရောက်ချင်တယ်။
သားလေးအမေတို့နဲ့ ဒီဇန်န၀ါရီလ ဆောင်းရာသီချိန်ရွာလေးနဲ့ ခွဲခွါခဲ့ရတာ (၅)နှစ်ရှိပြီ။ ကံကြမ္မာရဲ့လှည့်ကွက်ကြောင့် ဝေးကွာနေရတယ်။ နေပူပြင်းထဲ အလုပ်လုပ်နေရှာ၊ ခမောက်မဆောင်းဘဲ နွေမိုးဆောင်း သုံးရာသီလုံး ချွေးတစက် မျက်ရည်တပေါက် သားရဲ့ရှေ့ရေးအတွက် ရုန်းကန်နေတဲ့အမေ ဒီချိန်ခါမှာ အမေ့ကို ထားရစ်ခဲ့ပြီးမှ တမြေခြားခွဲခွာနေရတာ ၀မ်းနည်းစရာကောင်းတဲ့ နေ့စွဲလေးပါ။
မေမေရင်နာခဲ့ဖူးတဲ့ လုပ်ငန်းတစ်ခုကို အမေ့အသဲနှလုံးထဲမှာ ဒီစာလေးဖတ်ရင် စွန့်ပစ်နိုင်လောက်တဲ့ အထိဖြစ်နေလိမ့်မယ်။ အမေသားအပေါ် တွေးနေတဲ့ အတွေးဟာ အဆုံးမသတ်နိုင်တဲ့ သမုဒ္ဒရာလို ဖြစ်နေမယ်။ အမေရယ် အမေနဲခွဲခွါခဲ့ရတဲ့နှစ်လရက်ပေါင်းတိုင်းမှာ မိနစ်စက္ကန့်မလပ် အမေ့ကို အမြဲသတိရနေတယ်။
သာယာဝပြောလှတဲ့အချိန် သားလေးတို့ ဘ၀မှာ နွံထဲနစ်နေတုန်းပဲလား တွေးထင်နေမိတယ်။ သားတို့အသက်ရှင်ဖို့ အလင်းလိုနေသလို သက်ရှူဖို့ လေလိုနေတယ်။
ဆိုးဝါးတဲ့ အတ္တအမုန်း ပင်လယ်ရဲ့ တစ်ဘက်ကမ်းမှာရှိတဲ့ အမုန်းတရားတွေဆီမှာ ထားရစ်ခဲ့ပြီး အိမ်မက်သစ်နဲ့ အနာဂတ်သစ်ခရီး လျှောက်လှမ်းနေတော့မယ်။  သားလေးမှာ အဖေရဲ့လုပ်ငန်းစဉ်ကို မပပျောက်ဖို့ အဖေ့ရဲ့ခြေရာကိုလည်း နင်းလျှောက်နေပါတယ်။ အခု အမေရယ် လူတိုင်းမှာ အလင်းဆိုတဲ့ ငြိမ်းချမ်းရေးကို မျှော်နေကြတယ်။
ဒါကြောင့် နေရဲ့ အလင်းရောင်ကို လူတိုင်းလိုအပ်နေသလို လူတို့ရဲ့ သဲနှလုံးထဲမှာ ထိုးဝင်ရောက်နိုင်ဖို့ သားလေးမဲဇာမြိုင်ရောက်နေတယ်။ အမေ့ရဲ့သားလေးမှာ မျှော်လင့်နေတဲ့ ခရီးတစ်ခုကို ပွင့်တဲ့ပန်းတိုင်း မွှေးစေချင်ပါတယ်။
အမေနဲ့ဝေးနေပေမယ့်လည်း အမေဆိုတဲ့ စကားလုံးဟာ သားရဲ့နှလုံးသားထဲ  အမြဲနွေးထွေးလှတဲ့ အမေ့တ္တာရှိနေပါတယ်။ နှိုင်းဆလို့မရတဲ့ အမေ့ရဲ့ မေတ္တာအပြုံး ပြုစုယုယမှု အမေ့ရဲ့သွေးသားရှိနေပါတယ်။ အားအင်ကုန်ခမ်းပြီး သားလေးကို လူ့လောကကြီးထဲ တိုးဝင်နိုင်ဖို့ အသက်ဖြင့် ရင်းပြီး မွေးခဲ့ရတယ်။
အခုအမေနဲ့အဝေးဆုံးကို ထွက်သွားပြီး အမေ့ရဲ့ ကျေးဇူးနို့တစ်စက် အကြွေးကိုတောင် မဆပ်နိုင်ခဲ့တဲ့ သားဆိုးလူမိုက်တစ်ယောက်ပါ။ အမေရယ် သားလေးဘ၀မှာ ဒီလိုနေရာမျိုးရောက်နေတာ ဘ၀သစ်အတွက် ရှာဖွေနေတဲ့ လူတွေပါ။ သူတို့ဘ၀မှာ မိုးကုတ်စက်ဝိုင်းရဲ့ ဟိုတစ်ဘက်က ထွက်လာမယ့် နေ့သစ်အလင်းရောင်ရဲ့ အာရုဏ်ဦးကို စောင့်မျှော်နေတဲ့ အနာဂတ်လူသားတွေ ကမ္ဘာကြီးရဲ့ စွမ်းပကား လှုပ်ရှားမှုတွေကို မရပ်မနား တမ်းတနေရတယ် အမေ။
ဒီလိုဘ၀မှာလေး မိဘတွေက လှောင်ချိုင့်ထဲမှာ ချုပ်နှောင်ထားခံရသလို လှောင်ချိုင့်ရဲ့ အပြင်မှာ အကူအညီမဲ့စွာနဲ့ တောင်ပံတဖျတ်ဖျတ်ခတ်နေတဲ့ ရုန်းကန်းလှုပ်ရှားနေတဲ့ ဌက်ကလေးတွေ ဖြစ်နေသလို ခံစားနေတယ်။
ဒါပေမယ့် ဒီလိုဘ၀မျိုးရဲ့ နောက်ကွယ်မှာ မိုးကောင်းကင်ကြီးကို မကြာခဏရွေ့ဆိုင်းနေတဲ့ မိုးတိမ်တွေဟာ တိမ်လွှာရဲ့နောက် တောက်ပနေတဲ့အလင်းရောင်ရှင် မဟာနေမင်းကြီးရှိနေတယ်။
          တောရွာတစ်ရွာရဲ့ ခဏတာလှပတဲ့ အိမ်လေးတွေဟာ ကြည့်ရတာ ခံစားရနေတာ ဖယောင်းတိုင်း၊ ဆီးမီးခွက်မီးအလင်းရောင်ရဲ့လှပမှုကို သဘာဝပတ်ဝန်းကျင် ဖြုန်းတီးပြီး ထုတ်လုပ်မှရလာတဲ့ လျှပ်စစ်မီးအလင်းရောင် အလှပက လိုက်လို့မမီပါ။ ဖယောင်းတိုင် အဖြူရောင်လေးအပေါ်မှာ လင်းပြီး ယိမ်းနွှဲ့လှုပ်ရှားဆော့ကစားနေတဲ့ မီးတောက်လေး အလင်းရောင်တွေကို ကြည့်ရတာ စိတ်ထဲမှာ အင်မတန့်ကို ကျေနပ်မှု စိတ်ချမ်းမြေ့မှုကို ခံစားနေရတယ်။
နယ်စပ်တစ်နေရာရောက်လာဖို့က လမ်းလိုလျှောက်ရတဲ့ ခရီးတော့ မဟုတ်ပါဘူး။ ကွင်းပြင်ကြီးတစ်ခုလိုလည်း မဟုတ်ပါဘူး။ အလွန်ပဲ ခက်ခဲပြီး အန္တာရယ်များလှတဲ့ တောအထပ်ထပ် တောင်အလျှိုလျှို မြစ်ချောင်းအသွယ်သွယ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရတဲ့ ခရီးတစ်ခုဖြစ်တယ်။ တို့ပြည်မှာ အလွန်ပဲ ထင်ရှားပါတယ်။ သံလွင်နဲ့ ပွန်ချောင်းကို ဖြတ်ကျော်နေရပါတယ်။
          အဲ့ဒါတွေကို ကျော်ဖြတ်ပြီး အနယ်နယ်အရပ်ရပ်ကနေ ဒုက္ခပေါင်းစုံ ဆုံဆည်းရာမြေ၊ နယ်စပ်တစ်နေရာမှာ ရောက်ရှိခဲ့ကြတယ်။ သားဘ၀မှာ ဘာအကြောင်းကြောင့်နဲ့ ဒီနေရာကို ရောက်လာနေကြပါသလဲ။ အင်ပါအမေရယ် ….. ဆုံးရှုံးသွားရတဲ့ အခွင့်အရေးတစ်ခုကို ရေတစ်စက်လိုနေတဲ့ခွက် ပြည့်ဖို့လိုနေတဲ့ အိုးဆိုသလို ပြန်လည်ရရှိဖို့ လျှောက်လှမ်းနေရတာပါ။
          ဘ၀တစ်ခုလှပဖို့ဆို လူတစ်ယောက်ရဲ့တန်းဖိုးဂုဏ်သိက္ခာ၊ အသက်ရှင်ခွင့်။၊ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်ဆိုတာတွေကို လူ့ရဲ့ အခွင့်အရေးအရင်းအမြစ်တွေဖြစ်တယ်။ သားတို့ဘ၀က ဒါတွေကြောင့် မသိမနားလည်ခဲ့လို့ အမျိုးမျိုးတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရတယ်။ ဒီနေရာမှာ သားလို ဘ၀တူ ထပ်တူထပ်မျှ ခံစားနေရတဲ့သူတွေ ထီးမပါဘဲ လမ်းလျှောက်နေပြီး မိုးရွာလို့ သစ်ပင်အောက်မှာ မှီခိုကြပြီး မိုးတိတ်ဖို့ စောင့်နေတဲ့ သူတွေဖြစ်နေတယ်။
          မိုးတိတ်သွားရင် အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိမ်ပြန်နေကြမယ့် သူတွေဖြစ်ပါတယ်။ လောဘသားကောင်တွေကြောင့် သူတို့ရဲ့ ပစ်ကွင်းထဲကို သားတို့ ရှောင်ပြေးနေရတာပါ အမေရယ်။ တချိန်ချိန်ကျရင် အမေ့ဆီကို အပြေးပြန်လာခဲ့မယ်။ အခုသားက အမေ့ရွာလေးကို ကျောခိုင်းထွက်သွားရတဲ့ လူတစ်ယောက်ရဲ့မြင်ကွင်းပါ။ အချိန်တန်ပြီး မိုးတိတ်သွားရင် အမေ့ဆီကို အမြန်ဆုံး ပြန်ခဲ့ပါမယ်။ စောင့်နေပါအုံး အမေရယ် …….
          ဆောင်းတွင်းချိန်မှာ ဖွေးဖွေးဖြူနေတဲ့ ငွေနှင်းမှုန်ကလေးတွေ ကျနေတာကြောင့် ကွင်းပြင်တွေဟာေ၀၀ါးဝါးနဲ့ မသဲမကွဲဖြစ်နေတော့ ဝေးကွာနေတဲ့ အမေတို့ကို တမ်းတနေတယ်။  အမေရယ် သားပြန်လာမယ့် အချိန်နာရီကို စောင့်နေပါနော် ………….
           
                    

Comments