ရေးသားသူ - ကယားထဲ
အင်္ဂါနေ့, 28 စက်တင်ဘာလ 2010 16:02
အင်္ဂါနေ့, 28 စက်တင်ဘာလ 2010 16:02
ရန်ကုန်၊ လွိုင်ကော် ရွှေကိန္နရီ ခရီးသည်တင်ကားသည် မှောင်ရီနေသေးသည့် မနက်စောစော၂ နာရီအချိန်တွင် လွိုင်ကော် ရွှေကိန္နရီ ကားဂိတ်သို့ တဖြည်းဖြည်း ဆိုက်လာသည်။ တိုင်းတစ်ပါးခြားနှင့် မြို့ကြီးပြကြီးများတွင် မိမိဒေသ၊ လူမျိုးအတွက် ပညာရှာသည့် သူများ၊ အလုပ်လုပ်ကြသည့် သူများသည် ဇာတိချက်ကြွေ မွေးရပ် ကယားမြေကို အလည်ပြန်လာကြသည့် သူငယ်ချင်းများနှင့်အတူ ကျနော်လည်း သူငယ်ချင်းများ၏ ဖိတ်ခေါ်မှုဖြင့် လွိုင်ကော်သို့ အလည်လိုက်ပါလာခဲ့သည်။
ထို့နောက် သူငယ်ချင်းများနှင့်အတူ ဒီးမော့ဆိုနှင့် ဖရူးဆို ကားလမ်းမပေါ်ရှိ ထေးပေါ်ဆိုရွာ အနောက်ဘက် ဒေါညေးခူရွာသို့ ခရီးမနားတမ်း ဆက်သွားခဲ့သည်။ ရွာကြီး ဖြစ်ပြီး မြေညီညာသောကြောင့် ဒေါညေးခူရွာဟု ခေါ်ဆိုဖွယ်ရှိကြောင်း သူငယ်ချင်းက ရှင်းပြခဲ့သည်။ ရှေးကျသော အိမ်ကြီး၊ အိမ်ကောင်း ရှိကြပြီး ရွာအနောက်ဘက်မှာတော့ ကက်သလစ် ဘုရားရှိးခိုးကျောင်းကြီးက ထိန်ဟီးလျက်တည်ရှိနေသည်။
ရွာတွင်းတွင် ဗုံ၊ မောင်း၊ လင်းကွင်းသံများက သံစုံ ကြားနေရသည်။ လူငယ်လူရွယ်များကလည်း ဗုံတီးသံနှင့်အတူ ခြေပင့်မြောက်ပင့် ဟန်ချက်ညီညီ ကကွက်များဖြင့် ယိမ်းထိုးကခုန်နေကြသည်။ သူငယ်ချင်း ဗျားရယ်က “ငါတို့ရဲ့ အဲဒူ(၀ါ)ပေါ်မီ ခေါ် ဒီးကူပွဲပဲလေ” ဟု ပြောပြီး တဆက်တည်းမှာ ဆော်ရယ်ကလည်း “နှစ်စဉ်နှစ်တိုင်း ကျနော်တို့ မိသားစု ဒီလို ပွဲမှာ တစ်စုတစ်စည်းတည်း ပြန်လည်ဆုံတွေ့ကြတယ်” ဟု ဆိုသည်။ သူငယ်ချင်းများ အားလုံးသည် ရိုးရာပွဲတော်ကို အမှတ်ရပြီး ယနေ့ စက်တင်ဘာလ အချိန်အခါ မျိုးတွင် ဆွေမျိုးများ စုံစုံလင်လင် ဆုံတွေ့ကြရန် ပြန်လာခဲ့ကြခြင်း ဖြစ်ပါသည်။
သူငယ်ချင်း အိမ်ရောက်တော့ ၀က်သား၊ ၀က်အူတောင့်၊ အမဲသား၊ အမဲအူဟင်း၊ အမဲအူသုပ်ကို မက်ခါသီး ကယားချက်ပြုတ်နည်းဖြင့် တည်ကြွေးဧည့်ခံခဲ့တာကို မြိန်ရည်ယှက်ရည် သုံးဆောင်ခဲ့ရတာတော့ တစ်သက်မမေ့နိုင်စရာပါပဲ။ ရောက်ရောက်ချင်း ညမှာတော့ ကာလသား လူပျိုများနှင့် ကျနောတို့ သူငယ်ချင်းတစ်စု ကယားသူလုံမပျိုလေးများ ရှိရာ အပျိုလှည့်ကြသည်။ အိမ်တိုင်းလိုလိုပင် ဒီးကူထုပ်နှင့် ခေါင်ရည်ကို ကြွေးမွေးဧည့်ခံကြသည်။
ကျနောတို့ ၀ိုင်းဖွဲ့ပြီး စကားပြောဆိုရင်း ဒီးကူသည် ကရင်နီလူမျိုးများ၏ ယွန်းလူမျိုးတို့ တိုက်ထုတ်ရာတွင် ပါဝင်ခဲ့သော ကရင်နီမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးကို ရည်ညွန်းထားကြောင်း သိရှိရသည်။ “ယွန်းလူမျိုးတို့ရဲ့ ဖိနိပ်မှု အောက်က လွှတ်မြောက်လာတဲ့ အထိန်းအမှတ်ပဲ အမျိုးသား အောင်ပွဲဘဲ၊ အဲဒါကို ငါတို့ ဘိုးဘွားလက်ထက်ကတည်းက စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြပါတယ်” ဆိုပြီး ကယားတိုင်းရင်းသူလေးက ချိုသာသော အသံဖြင့် ရှင်းပြသွားခဲ့သည်။
နောက်တစ်နေ့ မနက်မှာတော့ ကျေးလက်လူငယ်များနှင့်အတူ တစ်အိမ်တက်ဆင်း ဗုံ၊ မောင်း တီးပြီး ဒီးကူအကကို ကျနော်တို့ အဖွဲ့က မတတ်တခေါက်ဖြင့် လိုက်ကကြသည်မှာ ပျော်စရာ ကောင်းလှသည်။
ဒီးကူပွဲတော်ကို သုံးရက်တိတိ ကျင်းပကြပြီး ရပ်ဝေးမှ ရောက်လာသော ဆွေမျိုးမိတ်သဟာ ညီကိုမောင်နှမတွေကို မမောမပမ်း ချက်ပြုတ်ဧည့်ခံကျွေးမွေးကြသည်။ တတိယနေ့ ဒီးကူပွဲနေ့မှာတော့ ကျနောတို့ သူငယ်ချင်း၊ ဆွေမျိုးမိတ်သဟာ အပေါင်းအသင်း ပြန်ကြမည် ဖြစ်သောကြောင့် အိမ်ရှင်သူငယ်ချင်းများကလည်း ဒီးကူ၊ ခေါင်ရည်၊ ထမင်း၊ ဟင်းလျာကို ထုပ်ပိုးပြီး အပြန်လက်ဆောင် ထည့်ပေးလိုက်သည်။
လာရောက်လည်ပတ်သော ဧည့်သည်များကို အပြန်လက်ဆောင် ထည့်ပေးလိုက်ခြင်းသည် ရိုးရာအစဉ်အလာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ ချစ်စရာ၊ ခင်မင်ချင်စရာ ကောင်းပြီး ပျော်စရာကောင်းသော ကယားတို့၏ ဓလေ့ထုံးတမ်းစဉ်လာမှာ နောင်နှစ် အဆက်ဆက်မှာလည်း ထိုသို့ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ဆုံစည်းကြမည်ဟု မျှော်လင့်မိပါသည်။

Comments
Post a Comment