အစိုးရနှင့် မပြေလည်သေးသ၍ ဒုက္ခသည်များကို သည်းခံလက်ခံထားဖို့…

ရေးသားသူ - ဂျွန်မိုးနိုင်
 ဇွန်လ ၁၅ရက် ၂၀၁၁ခုနှစ်

အသားညိုညိုနဲ့ အသက် ၃၂  နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်မီမယ်ဟာ ကလေး ၄ ယောက်မိခင်ဖြစ်ပါတယ်။ အကြီးဆုံးသားက ၈ နှစ်အရွယ်ထဲမှာပါ။ ကျန်တာတော့ ပုစုခရုတွေပါဘဲ။ အငယ်ဆုံး ၃ လ သမီးကတော့ တောထဲမှာပြေးရင်း၊ ပုန်းရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
အခု မော်မီမယ် မိသားစုရောက်နေတဲ့ နေရာလေးက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ရှိတဲ့ ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းပဲ ဖြစ်ပါတယ်။ သူပုန်လို့ သတ်မှတ်ထားခြင်းခံကြရတဲ့ မော်မီမယ်တို့လို ကရင်နီလူထုတွေအတွက် လုံခြုံမှုရှိတဲ့နေရာလေးဟာ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေကလွဲလို့ တခြားခိုလှုံအားကိုးရမယ့်နေရာဟာ ဘယ်မှာမှမရှိတော့ပါဘူး။
မော်မီမယ်ဟာ ကရင်နီပြည်၊ ရှားတောမြို့နယ်ကပါ။ သူပုန်ဆက်သွယ်မှုလို့ စွပ်စွဲခံရပြီး သူမရဲ့ခင်ပွန်းသည်ကို မြန်မာအစိုးရတပ်တွေက သတ်ဖြတ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာပဲ အမှတ် -၁-ဒုက္ခသည်စခန်းကို ကလေးတစ်အုပ်၊ တစ်ပြုံနဲ့ ထွက်ပြေးလာခဲ့ပါတယ်။

ဇွန်လ၂၀ရက်နေ့ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ
ဒုက္ခသည်များနေ့အား ကရင်နီဒုက္ခသည် အမှတ်(၁)စခန်းမှ
ဇွန်လ ၁၅ရက်အချိန်တွင် အခမ်းအနားကျင်းပစဉ် (ဓါတ်ပုံ - ကေတီ)



 “ဖမ်းမိတဲ့အချိန်က ကျမ ယောင်္ကျားက အိမ်မှာပဲနေတယ်။ ယာခင်းက ပြန်လာပြီး နားနေတာ။ အဲဒီအချိန်မှာ မြန်မာစစ်တပ်လာတာကို မြင်နေရပါတယ်။ လာဖမ်းမယ်ထင်တယ်လို့ သူ့ကိုပြောတော့. ရမယ်ထင်တယ်.. သူတို့လာမဖမ်းဘူးထင်တယ်လို့ပြောတယ်လေ။ အဲဒီမှာ ဒေါလဲဟော မှာ တချို့ဖမ်းတယ်။ အဲဒါ သူတို့ လုပ်နေကျ အတိုင်းပဲလို့ ထင်ခဲ့တာ။ အဲဒါ ကျမတို့ဆီရောက်လာတော့ ကျမ မောင်လေး ဘဲရယ်နဲ့ တော်ရယ်. ဘိုးရယ်၊ ကျဲရယ် စသဖြင့် ငါးယောက်။ ခြောက်ယောက်လောက် ဖမ်းမိသွားတယ်လေ။ တစ်ယောက်က ဒေါတနော ကနေ လာတာ။ အဲဒီမှာ နှစ်ယောက်ကိုတော့ ခေါ်ထားလိုက်တယ်လေ။ နောက်ကျန်နေတဲ့ သုံးယောက်ကို ပြန်လွတ်လာတယ်” လို့ မော်မီမယ်က ပြောပါတယ်။
ပြည်တွင်းကနေပြေးပြီး ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွေမှာ အသက်လုံခြုံမှု ရရှိဖို့အတွက် ရောက်လာသူတွေဟာ မော်မီမယ်လို မိသားစုတစ်စုထဲတော့ မဟုတ်ပါဘူး။

“လူသစ်တွေတော့ များလာတယ်။ အခု ၂ လ အတွင်းမှာဘဲ ၃၀၀ လောက်ရှိတယ်။ ဗမာစစ်အစိုးရနဲ့ကတော့  အဆင်ပြေမှုမရှိပဲနဲ့တော့ မပြန်နိုင်ဘူးပေါ့”

လာမည့် ဇွန်လ ၂၀ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ယနေ့ ဇွန်လ ၁၅ရက်နေ့ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း၌ ကြိုတင်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ စခန်းကော်မီတီ ဥက္ကဌ ခူးအီရယ်က ပြောပြသွားတာပါ။
“ဒုက္ခသည်တွေနဲ့ သက်ဆိုင်နေတဲ့ အဲန်ဂျီအိုအဖွဲ့အစည်းတွေရော၊ ထိုင်းအာဏာပိုင်တွေအနေနဲ့ကော ကျနော်တို့ဒုက္ခသည်တွေအပေါ် နဲနဲသည်းခံပေးကြဖို့… ကျနော်တို့ဟာ ဗမာ(မြန်မာအစိုးရ)နဲ့ မပြေလည်သေးသ၍ ကျတော်တို့ကို သည်းခံပြီး လက်ခံထားပေးဖို့ ပြောချင်ပါတယ်။” 

ထိုင်းနိုင်ငံ နယ်စပ်ဒုက္ခသည်စခန်းတွေဟာ မော်မီမယ်တို့လို ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရဆုံးနေရာပါ။ ဒါပေမယ့် ဒီလိုလုံခြုံတဲ့ခံစားချက်တွေ မရနိုင်တာကတော့ သူတို့လိုလူသစ်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုခြင်းပဲဖြစ်ပါတယ်။ ဒီကြားထဲ မြန်မာပြည်မှာ အစိုးရသစ်တက်ပြီဖြစ်တဲ့အတွက် ထိုင်းအာဏာပိုင်တို့က ဒုက္ခသည်တွေကို နေရပ်သို့ ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်မှ စတင်ထူထောင်ခဲ့ပါတယ်။ ယခုလက်ရှိ တတိယနိုင်ငံမှာ သွားရောက်အခြေချနေထိုင်ခွင့်ရရှိတဲ့ ကရင်နီဒုက္ခသည်ပေါင်း ၁ သောင်းကျော်ရှိသွားပါပြီ။ ကျန် ၁ သောင်းကျော်မှာမူ ကရင်နီအမှတ် ၁ နဲ့ အမှတ်၂ ဒုက္ခသည်စခန်းမှာ ကျန်ရှိနေပါသေးတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ စစ်ရေးပဋိပက္ခကြောင့် စစ်ပြေးဒုက္ခသည် ၁၄၀၀၀၀ သောင်းကျော်ရှိနေပါတယ်။ အများစုမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ အခုနောက်ပိုင်း နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖိနှိပ်ခံရတဲ့သူတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို ခံကြရတဲ့သူတွေနဲ့ စားဝတ်နေရေးအခက်အခဲတို့ကြောင့် နယ်စပ်ဒုက္ခသည်စခန်းများသို့ ထွက်ပြေးရောက်ရှိလာကြတဲ့ လူသစ်တွေလည်း ရှိနေပါတယ်။

“ဟိုး ကျမတို့ ရွာမှာနေတုန်းကဆိုရင် ယောင်္ကျား မရှိလို့ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ အဲဒါကြောင့် ဒီကို ထွက်လာရတာ.. သူ့အဖေမရှိတော့ ဘာမှ လုပ်ကိုင်စားသောက်ပေးမယ့်လူ မရှိတော့ဘူး။ ဒီတစ်နှစ်ဆိုရင် ကျမတို့ ဆန်တစ်စက်မှ မရှိတော့ဘူး။ ယာခင်းနည်းနည်းလေးပဲ လုပ်တယ်။ သူများ ကျွဲနွားတွေ ထပ်ပြီး လာဖျက်တော့ ယာခင်းကို ကြည့်ရှုပေးမယ့်လူလည်းမရှိ ဖြစ်နေတော့ ဘာမှ စားစရာမရှိတော့ဘူး။ အရင်တုန်းက သူ့အဖေရှိတုန်းကဆိုရင် စားရ သောက်ရသေးတယ်။ အခု ဘာမှ စားစရာမရှိတော့ ဒီနေရာ ရောက်လာရတာပါ”  လို့ ဒုက္ခသည်စခန်းမှာ ထွက်ပြေးလာရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မော်မီမယ်က ပြောပြသွားပါတယ်။

 

Comments