သတိရခြင်း

 
        သတိရတယ်ဆိုတာ လူသားနဲ့ ရှောင်ဖယ်လို့မရတဲ့ ကြိယာပါ။ အဝေးရောက်နေသူဖြစ်စေ၊ ကျန်ခဲ့နေသူဖြစ်ပါစေ အပြန်အလှန်
သတိရနေကြရခြင်းပါ။  ပျောက်ဆုံးနေသူတွေလည်းပဲ အောက်မေ့ဘွယ်အခမ်းအနားပြုလုပ်နေခဲ့ကြတယ်။ လူသားတွေ အားလုံးမှာ အိမ်၊ မိဘ၊ သားသမီး၊ ညီအစ်ကိုမောင်နှံမ၊ ဆွေမျိုး၊ ချစ်သူ၊ သူငယ်ချင်းများနဲ့ ခွဲခွါနေဖူးကြမှာပါပဲ။ မခွဲခွါဖူးရင်လည်း တစ်နေ့ ခွဲခွါနေကြရမှာပါ။ ခွဲခွါဖူးသူတွေ သတိရ လွမ်းဆွေးမှုတွေ ရင်မှာ ထွင်းပိုက်နေကြမှာပါ။ 
ကယား ကျေးရွာတစ်ရွာ
   လူတွေ ပျော်ရာမှာ မနေရ တော်ရာမှာ နေရဆိုသလိုပါပဲ ကံကြမ္မာပေးတဲ့ ဆုလဒ် တစ်ခုပါပဲလို့ တွေးနေရတော့မှာပါ။ အခုငါက အဝေးရောက်နေတဲ့ သူတစ်ယောက်ပါ။ ငါဟာ ငယ်ကတည်းက မိဘနဲ့ အိမ်ပါပေါ့ ခွဲခွါခဲ့ပါတယ်။ မိဘနဲ့ နီးနီးနေချိန်တုန်းကလည်း ဘာရယ်လို့ မသိခဲ့ဘူး။ အချိန်နဲ့အမျှ အသက်က ပြက္ခဒိန်လို တစ်ရွက်ချင်း လှန်သွားနေတော့တယ်။ တစ်ရွက်ပြီးတစ်ရွက်လှန်ပြီးတဲ့ တစ်နှစ်တာ ပြက္ခဒိန်တွေဟာ ပြန်သုံးသပ်ရင် နာကျင်မှုတွေပါပဲ။ နာကျင်မှုတွေ နှိုးထလာပြီး ရင်မှာ တိုးတိတ်စွာပဲ ငိုရှိုက်နေခဲ့တယ်။ 
     အိမ်နဲ့ ဆုတ်ခွာနေခဲ့တဲ့ နှစ်ပေါင်းကလည်း နည်းမနေခဲ့တော့ပါ။ အခုထိလည်း အိမ်ပြန်လို့ မဖြစ်သေးပါ။ ဆီမီးခွက်ရှာရင်း မီးခြစ်ဆံ ကုန်သွားတဲ့ပုံပါပဲ။ သတိရတာနဲ့ နေ့ရက်က ထပ်တိုးရစ်ပတ်နေပြန်ပါပြီ။ အိမ်ပြန်လို့ရတဲ့ နေ့ရက်၊ ရက်စွဲကို ဘယ်ပြက္ခဒိန်ထဲမှာ ရှိနေသလဲ။ ငါ့မိဘကလည်း ငါ့ကို ဘယ်ရက်နေ့မှာ အိမ်ပြန်ရောက်မှာလဲလို့ တွေးထင်နေမှာပေါ့။ အိမ်ပြန်ချင်ပါတယ် ဒါပေမယ့် အိမ်ပြန်တဲ့ လမ်းခရီးက မိုက်မှောင်နေပြီး ဘီလူးက တံခါးဝမှာ စောင့်မျှော်နေတယ်။ ငါ့ရဲ့ အတွေးက အိမ်ကို ရောက်နေပါပြီ။ ဒါပေမယ့် ငါ့အိမ်မက်က အိမ်ကို မသိဘူး။ အိမ်မက်က ဘယ်လိုအိမ်မျိုးမှာ ရောက်နေသလဲ မသိဘူး။  အလိုလိုပဲ မိုးလင်းပြန်ပြီ။ 
          အိမ်နဲ့ ဝေးနေတဲ့ ငါ့လို လူတွေ အိမ်ကို ပြန်ချင်နေပေမယ့် မပြောနိုင်တဲ့ စကားလုံးတွေ၊ မမြင်နိုင်တဲ့ အရာတွေ ငါတို့ရဲ့ဝတ်ကျင်မှာ ကာရံနေမှာပါပဲ။ အိမ်တံခါးက ဖွင့်ထားပေမယ့် ခြံတံခါးက ပိတ်ထားနေရင် ဘယ်လိုဝင်နေမှာလဲ။ ငါတို့မှာ ကိုယ်ရေးရမဲ့ ကိုယ့်ရေးရာဇာဝင်ခုံမရှိလို့ ကိုယ့်ခြံပြင်မှာ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုအကြောင်း နားထောင်ပြီး ထွက်ရေးနေရသလိုပဲ။ လူသားတိုင်းမှာ ဆန်းပြားလှတဲ့ ရာဇာဝင်တော့ ရှိနေကြမှာ။ နားထောင်ကောင်းတဲ့ ပုံပြင်တွေထက် အသက်ဝင်နေမှာပဲ။ ငါ့အထ္တုပတ္တိတွေလည်း ငါ့အတွက်တော့ ပုံပြင်တွေထက် အသက်ဝင်ထင်ရှားနေမယ်။ သတိရတယ်ဆိုတဲ့ ဝေါဟာရဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးနေပါပြီ။ ပျော်ရွှင်တဲ့ ဆုံဆည်းမှုက လက်ကမ်းကြုံနေပါပြီ။ 
        တခါတလေကိုပေါ့ သတိရတယ်ဆိုတဲ့ ကြိယာစကားလုံးလေးက နှိပ်စက်လို ဒေါင်ဒေါင် မြည်းနေတယ်။ ဦးနှောက်ကြောပြတ်တဲ့အထိတော် သတိရနေတယ်။ သတိရတယ်ဆိုတာ ယာယီရာသီတစ်ခုပဲလို့ ယုံစားလိုက်တော့မယ်။ ဘယ်နေ့ရက်မှာ သတိရခြင်းက နိဂုံးမှာလဲ ဦးစွာပဲ မျှော်လင့်နေရတော့မယ်။ ငယ်ငယ်ကတည်းက သူငယ်ချင်းနဲ့အတူ ပျော်ခဲ့တဲ့နေရာလေးက အရင်လိုပါပဲလား၊ တိတ်ဆိတ်သွားပါပြီလား။ အဖေနဲ့အမေလည်း  အသားရုပ်ရည်က နုပျိုနေဆဲပဲလား။ ပြောင်းလဲသွားရင်လည်း ငါ့အတွက်တော့ အရင်အတိုင်းနုပျိုနေမှာပဲ။ သတိရတယ်ဆိုတာ ကုန်ပါတော့ ကုန်ပါတော့ ………။ သတိရခြင်းက အဝေးသို့ လေရိုင်းနဲ့အတူ ဆုတ်ခွါသွားပါတော့။ ပျော်ရွှင်တဲ့ ဆုံဆည်းခြင်း တမိုးလင်းပါစေတော့။ 
     ဝေးကွာနေသူမှာသမျှ ပြန်လည်ဆုံဆည်း ပေါင်းစည်းပြီး တစ်မိုးအောက်မှာ ငြိမ်းချမ်းမှုနဲ့ ထွင်းပိုက်ကြစေသား………။

Comments