ကရင်နီအမျိုးသားနေ့ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် KNPP တို့ ပထမဆုံးအကြိမ် အတူတကွ အခမ်းအနား တက်ရောက်

Created on Friday, 21 June 2013 16:50

အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း ကရင်နီအမျိုးသားနေ့ပွဲတော်ကို ပြည်တွင်းတွင် တပြည်နယ်လုံး အတိုင်းအတာဖြင့် အခမ်းအနားနှင့်တကွ ကျင်းပခွင့်ရရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့၊ တပ်ပိုင်းဆိုင်ရာတွေ အဖွဲ့တွေ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကိုယ်စားလှယ်အဖွဲ့တွေ ပထမဆုံးအကြိမ်  အတူတကွ တက်ရောက်လာကြပါတယ်။
အခမ်းအနားပြီးမှာတော့ ယခုလို အမျိုးသားနေ့မှာ ပြည်ထောင်စုအစိုးရတွေနဲ့ တပ်တွေ တက်ရောက်ခြင်းအားဖြင့် အသိအမှတ်ပြုရာကျတယ်လို့ KNPP ဒုဥက္ကဌ ခူဦးရယ်က ယခုလိုပြောပါတယ်။

ကရင်နီ အမျိုးသားနေ့ကို ပရိတ်သတ် ၂၀၀၀ ကျော်တက်ရောက်ကြပါတယ် (ဓါတ်ပုံ-ကေတီ)






"ပြည်ထောင်စုအစိုးရကတော့ အသိအမှတ်ပြုတာ မပြုဘူးဆိုတာ ကျွန်တော်တို့ကိုယ်၌က ကိုယ့်အမျိုးသားနေ့ဖြစ်တယ် ဆိုတာကို ပထမကျွန်တော်တို့ကိုယ်တိုင် အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျနော်တို့ကိုယ်၌က ဒါကျွန်တော်တို့ အမျိုးသားနေ့ပါလို့ အသိအမှတ်မပြုဘူးဆို ဒါဘယ်သူကမှ ဒါခင်ဗျားတို့ အမျိုးသား နေ့ပါလားပြောဖို့ အကြောင်းမရှိပါဘူး။ ဒါကတော့ ကျွန်တော်တို့အခြေခံနဲ့ ကျွန်တော်တို့ပါ။ အဲ့ဒီတော့ ကျွန်တော်တို့ကို ပြည်ထောင်စုအစိုးရက ကိုယ်စားလှယ်တွေကလည်း လာရောက် ချီးမြင့်တယ်ဆိုတာကိုတော့ အလိုအလျောက် အသိအမှတ်ပြုတယ်လို့ ဖေါ်ပြရာရောက်တယ်ပေါ့။ နောက်စာနဲ့ပေနဲ့ဘဲ အသိအမှတ်ပြုတယ်လို့ ပြောလို့မရပါဘူး။ သူတို့လာရောက်ချီးမြင့်တယ်ဆိုတာ အသိအမှတ်ပြုတာဘဲပေါ့နော်"
ဇွန်လ ၂၁ ရက်နေ့က ကျရောက်တဲ့  အမျိုးသားနေ့ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ထိုင်းနယ်စပ် ဒုက္ခသည်စခန်းနှင့် ပြည်တွင်းဘက်တွေမှာတော့ KNPP ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး ယခုလို ၁၃၈ နှစ်မြောက် အမျိုးသားနေ့ ပွဲတော်ကိုတော့ ဒီးမော့ဆိုမြို့နယ် ဆိုဘောသဲကျေးရွာမှာ တခမ်းတနား ကျင်းပတာကတော့ ပထမဆုံး အကြိမ်ပဲဖြစ်ပါတယ်။
အခမ်းအနားကျင်းပတဲ့ ဆိုဘောသဲကျေးရွာမှ လူငယ်ခေါင်းဆောင် တုတူက "အခုလို ဒီကရင်နီအမျိုးသားနေ့ ဒီလိုမျိုးပြည်တွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်ခွင့်ရတာ တစ်ကယ်ဘဲ ဝမ်းသာမိပါတယ်၊ အတိုင်းမသိပေါ့နော် ဒီလိုမျိုးအမျိုးသားနေ့ဆိုဒါ ကျွန်တော်တို့ KNPP အဖွဲ့၊ ပြည်နယ်မှာရှိနေတဲ့ ကျွန်တော်မျိုးနွယ်စုတွေအားလုံး ဆိုင်တာပေါ့နော် ဆိုတော့ ကျွန်တော်တို့ ကယားလူမျိုးကြီးဘဲမဟုတ်ပါဘူး ဒီလိုမျိုးဟာစုစုစည်းစည်းနဲ့ အခုလိုပါဝင်ပြီးမှ ဆောင်ရွက်ကြတာတို့ လုပ်ဆောင်ကြတာ အင်မတန်မှအားရစရာလကောင်းပါတယ်" လို့ ပြောပါတယ်။
အခမ်းအနားတက်ရောက်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်က အမျိုးသားနေ့ တက်ရောက်လာရတာဟာ အများပြည်သူသိချင်နေတဲ့ KNPP နဲ့ တပ်မတော်ကိစ္စမှာ ယခုလို KNPP ခေါင်းဆောင်နှင့် အတူတကွယှဉ်တွဲ ထိုင်နေသကဲ့သို့ အတူတကွ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ယခုလို ပြောကြားသွားပါတယ်။
ဗိုလ်ချုပ်ကြီးက "ဒီနေ့ဒီပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော် ဘယ်လိုဘယ်ပုံ သွားကြမလဲဆိုတဲ့ သိချင်တဲ့ ပုံကတော့ ယနေ့ ကရင်နီအမျိုးသားနေ့မှာ ပြရုပ်တခုဖြစ်ပါတယ်။ အခုခုံမှာအတူတူထိုင်နေသလိုပဲ ဆက်ပြီးတော့ သွားကြမှာဖြစ်တယ်။ နှောင်လည်း ဒီလိုပဲ ချစ်ချစ်ခင်ခင်ဆက်ပြီးတော့ သွားကြမယ်ဆိုတာ ပြောလိုတယ်" လို့ အခမ်းအနားမှာ ပြောသွားပါတယ်။
အမျိုးသားနေ့မတိုင်မှီမှာ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကယားပြည်နယ်ကိုရောက်ရှိလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းအဖွဲ့တို့က အခမ်းအနားကို တဆက်တည်း တက်ရောက်လာကြတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ KNPP ဘက် ဒုဥက္ကဌ ခူဦးရယ် ဦးဆောင်တဲ့အဖွဲ့ကိုယ်စားလှယ်တွေ၊ ပြည်နယ်အစိုးရတွေ၊ ငြိမ်းချမ်းရေးယူထားကြတဲ့ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့နယ်အသီးသီး၊ ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်တွေ လူငယ်တွေက စည်ကားသိုက်မြိုက်စွာ တက်ရောက်လာကြတာ ဖြစ်ပါတယ်။
အခမ်းအနားကို မနက် ၈ နာရီမှ နေ့လည် ၁၁ နာရီအထိ ကျင်းပသွားကြတာဖြစ်ပြီး လူဦးရေ စုစုပေါင်းလူဦးရေ နှစ်ထောင် ( ၂၀၀၀) ကျော်ခန့် တက်ရောက်ကြပါတယ်။

Comments