ကရင်နီလူမှုအဖွဲ့အစည်းမှ မြန်မာအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းအားပျော့အောင်ပြုလုပ်ခြင်းရပ်တန့်ရန်သတိပေးခြင်းသတင်းထုတ်ပြန်ချက်






အော်တိုဘာလ (၃၁)ရက်၊ ၂၀၁၂ ခုနှစ်
သတင်းထုတ်ပြန်ချက်

ကရင်နီလူမှုအဖွဲ့အစည်းမှ မြန်မာအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းအားပျော့အောင်ပြုလုပ်ခြင်းရပ်တန့်ရန်သတိပေးခြင်း

ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်(ကေစီအက်စ်အဲန်) ယနေ့သတင်းထုတ်ပြန်ချက်သည် မြန်မာအစိုးရမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတိုင်း ထိန်းသိမ်းလိုက်နာရန် ပျက်ကွက်ပုံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းကို အားပျော့အောင်ဆောင်ရွက်ပုံအပေါ် သတိပေးလိုက်ခြင်းဖြစ်သည်။


အစိုးရသည် ကေအဲန်ပီပီနှင့် ယခုနှစ်အတွင်း မတ်လ (၇)ရက်နေ့တွင်သော်၎င်း၊ဇွန်လ(၉)ရက်နေ့တွင်သော်၎င်း သဘောတူညီ ချက်စာချုပ်များချုပ်ဆိုခဲ့ရာမှ ထိန်းသိမ်းလိုက်နာရန်ပျက်ကွက်နေသည့်အချက်များထဲမှ စစ်တပ်သွားလာရေးကိစ္စ၌ ကေအဲပီပီကိုကြိုတင်သတင်းပေးရန်သဘောတူခဲ့ကြသော်လည်း ကြိုတင်သတင်းပေးခြင်းမရှိဘဲ ဇွန်လတွင် ကေအဲန်ပီပီထိန်းချုပ်ရာနယ်မြေအတွင်း ၀င်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားကာ မြန်မာ စစ်တပ်(၉)ဦးကျဆုံး ခဲ့ကြရခြင်းဖြစ်ပွားခဲ့သည်။

ဖရူဆိုတွင် အငြင်းပွားသည့် စစ်လေ့ကျင့်ရေးသင်တန်းကွင်း တည်ဆောက်ရေး စီမံကိန်းကိုလူထုသဘောထားစုံစမ်းလေ့လာရန် ကေအဲန်ပီပီနှင့်အတူ ပူးတွဲပြုလုပ်သွားရန် သဘောတူသော်လည်း အစိုးရမှ ထိုစီမံကိန်းကို ဆက်လက်တည်ဆောက်သွားရန် တွန်းအားပေးနေသည်။ ဇူလိုင်လတွင် အစိုးရအရာရှိများ လွမ်းမိုးသည့် ထိုစုံစမ်းလေ့လာရေးပြီးစီးသွားသော်လည်း လယ်ယာမြေအသိမ်းဆီးခံကြရသည့် ဒေသခံလူထု၏ဆန္ဒကိုလျစ်လျူရှုကာ စီမံကိန်းဆက်လက်တည်ဆောက်သွားရန်ကိုသာ ထိုလေ့လာရေးအဖွဲ့မှ တင်ပြခဲ့ကြသည်။

ကရင်နီပြည်နယ်အတွင်းရှိ သံလွင်မြစ်အပေါ် တည်ဆောက်ရန် လျာထားသည့် ရွာသစ်ရေကာတာစီမံကိန်းအပါအ၀င် အကြီး စားဖွံ့ဖြိုးရေးစီမံကိန်းများ သွားရောက် လေ့လာစောင့်ကြည့်ရန် လူမှုအဖွဲ့အစည်းများအား ခွင့်ပြုရန် သဘောတူခဲ့ကြသော် လည်း ကရင်နီ လူမှုအဖွဲ့အစည်းများကွန်ယက်(ကေစီအက်စ်အဲန်) ကိုယ်စားလှယ်များ ရေအားလျပ်စစ် (၆၀၀) မီဂါဝပ်ထုတ် လုပ်ရန်အတွက် တိုင်းထွာမှုပြုလုပ်နေသည့် တရုတ်ဒါထန်းကုမဏီရှိရာ ရေကာတာတည်ဆောက်မည့်နေရာသို့ စက်တင်္ဘာ လအတွင်း သွားရောက်ရာ လမ်းတွင်တားမြစ်ခြင်းခံခဲ့ကြရသည်၊

 “ကရင်နီပြည်နယ်မှာတောင် အရင်ဆုံးသဘောတူညီထားချက်တွေကို မထိန်းသိမ်းလိုက်နာဘူးဆိုရင် မြန်မာနိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်သွားမယ်ဆိုတာ ကျနော်တို့ ဘယ်လိုလုပ်ပြီးယုံနိုင်ကြမလဲ“ ဟု တော်ရယ်၊ ကေစီအဲက်စ်အဲန် ပြောရေးဆိုခွင့်ရှိသူက မေးခွန်းထုတ်ပါသည်။

ကရင်နီလူမှုအဖွဲ့အစည်း(၉)ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (ကေစီအက်စ်အဲန်)သည် အစိုးရအား ၎င်းတို့၏သဘောတူညီချက်များကို သဘောတူသည့်အတိုင်း ထိန်းသိမ်းလိုက်နာရန်၊တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ကျေညာရန်နှင့် တစ်နိုင်ငံလုံး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံးပြုလုပ်ရန် တောင်းဆိုလိုက်သည်။

ထို့အတူ အချိန်အခါမသင့်ဘဲ ထိုင်းနိုင်ငံမြောက်ပိုင်း၊မယ်ဟောင်ဆောင်ခရိုင်အတွင်း စခန်း(၂)ခုတွင်ခိုလှုံနေကြသည့် လူဦးရေ (၁၆၀၀၀)ကျော်သော ကရင်နီဒုက္ခှသည်များ ပြန်လည်ပို့ဆောင်ခြင်းမပြုလုပ်ရန်ဟုလည်း ၎င်းတို့မှ သတိပေး တောင်းဆိုလိုက်ပါသည်။

“ ပြဿနာမဖြေရှင်းနိုင်သေးဘဲ ဒုက္ခသည်တွေပြန်ပို့မယ်ဆိုရင် သူတို့ထပ်ြပီး ပြန်ထွက်ပြေးလာအုံးမှာဘဲ “ ဟု တော်ရယ်မှပြောပါသည်။

ကေစီအက်စ်အဲန်၏ သတင်းထုတ်ပြန်ချက်အပြည့်အစုံကို www.ecdfburma.org တွင် တက်ရောက်ဖတ်ရှုနိုင်ပါသည်။

Comments