ကရင်နီပြည်တပ်မတော်တပ်ဗိုလ်တပ်မှူးတပ်သားအားလုံးတို့ခင်ဗျား-
ယနေ့၂၀၁၁ခုနှစ် သြဂုတ်လ (၁၇)ရက်မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခါသမယမှာ အရာရှိ၊အရာခံ၊တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားအားလုံး မိမိတို့ကျရာတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ နေရာ၊ ဒေသအသီးသီးတွေမှာ ကျန်းမာချမ်းသာစွာ ဘေးအန္တာရာယ် အသွယ်သွယ် ကနေ ကင်းလွတ်ပြီး ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေလို့
ဆုမွန်ကောင်း တောင်းရင်း မေတ္တာပို့သအပ်ပါတယ်။ကရင်နီပြည်တပ်မတော်ကို နယ်ချဲ့ဗမာအစိုးရနဲ့ အမျိုးသားသစွာဖောက်တစ်စုတို့ကနေ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီ ဥက္ကဌဦးဘီတူရီရုံးစိုက်ရာ မြလဲဒေါကို ၁၉၄၈ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့ မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျူးကျော်လာတဲ့ ရန်သူတွေကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်ဖို့အတွက် ခေါင်းဆောင်တို့ကနေ လူသူစုဆောင်ပြီး သြဂုတ်လ (၁၇)ရက်နေ့မှာဘဲ တပ်မတော်တစ်ရပ်အသွင်ဖြစ် စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းစဉ်အခါတုန်းကက လွတ်လပ်သော ကရင်နီပြည်ထောင်စုတပ်မတော်ဆိုတဲ့ အမည်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ နောက်တော့ ၁၉၇၄ခုနှစ် အမျိုးသား ကွန်ကရက်မှာ ကရင်နီပြည်တပ်မတော်ရယ်လို့ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
ဒီအမျိုးသားခုခံတော်လှန်ရေးစတင်ခဲ့တဲ့ အစဦးနှစ်များတွေအတွင်းမှာ ခေါင်းဆောင်များဟာ တပ်မတော်ကို အခက်အခဲအကြပ်အတည်းပေါင်းများစွာကြားထဲကနေ လူအနည်းငယ်နဲ့သာ ဖွဲ့စည်းနိုင်ခဲ့ပြီး ကိုယ်တိုင် ကိုယ်ကျ ဦးဆောင်မှုပေးခဲ့ကြပါတယ်။ လက်နက်ကိုင် ခုခံတွန်းလှန်တဲ့စစ်ကို စတင်ခဲ့စဉ်က လူသူနည်းပါး ခဲ့သလိုဘဲ လက်နက်ခဲယမ်းလဲ မလုံလောက်ခဲ့ပါ။ ဒါပေမဲ့ ခေါင်းဆောင်၊ ရဲဘော်တို့ရဲ့ကြံ့ခိုင်တဲ့ အမျိုး သားရေးစိတ်ဓါတ်နဲ့ ခိုင်မာတဲ့ ပြည်သူတို့ရဲ့ ထောက်ခံအားပေးမှုတွေကြောင့် ယနေ့တိုင်ဘဲ အလံမလဲ စတမ်း ကရင်နီတပ်မတော်ဟာ အင်အားသလွန်တဲ့ ဗမာစစ်တပ်ကို နည်းပေါင်းစုံကနေ ခုခံတိုက်ပွဲဝင်နိုင် ခဲ့ကြတာ ဖြစ်ပါတယ်။
ဆင်းရဲကြပ်တည်းပြီး လက်နက်ခဲယမ်းမလုံလောက်ခဲ့ပေမဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးရဲ့ (၆၃)နှစ် တာ အတွင်းမှာ ကရင်နီပြည်တပ်မတော်သားတွေဟာ ထောင်ပေါင်းများစွာသော ရန်သူတွေကို ထိခိုက် အနာတရ၊ သေကြေကျဆုံးစေးခဲ့သလို လက်နက်ခဲယမ်းပေါင်းများစွာကိုလည်း ရန်သူဆီကနေ သိမ်းဆည်း ရမိခဲ့ပါတယ်။ ကရင်နီပြည်တပ်မတော်များနဲ့အတူ ခေါင်းဆောင်ပြည်သူပေါင်းများစွာလဲဘဲ အမိမြေကို ကာကွယ်ရင်းနဲ့ အသက်ပေးသွားကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ခုခံတွန်းလှန်စစ်ဟာ ခရီး အဆုံးကိုမရောက်သေးပါဘူး။
ကျနော်တို့တတွေဟာ စစ်တိုက်ရာမှာ ပျော်ပိုက်လို့ စစ်တိုက်နေကြသူတွေမဟုတ်သလိုဘဲ လူတွေကို သတ်ဖြတ်ချင်လို့ သေနတ်ကိုင်နေကြသူတွေမဟုတ်ပါဘူး။ နေပူမိုးရွာ၊ အေးချမ်းမှုဒဏ်တွေသာမကဘဲ ပင်ပန်းဆင်းရဲမှုတွေနဲ့ အသက်သွေးချွေးတွေ ပေးဆပ်စတေးကြရတာတွေဟာ သမိုင်းကပြောတဲ့ အမျိုး သားရေးတာဝန်ကို ထမ်းဆောင်နေကြရတာသာ ဖြစ်ပါတယ်။ ကျနော်တို့ဆင်နွှဲနေတဲ့စစ်ဟာ သူတစ် ပါးကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်မဟုတ်ပါဘူး။ သူတစ်ပါးက ကိုယ့်ကိုလာရောက် ကျူးကျော် လို့ ပြန်လည်ခုခံတွန်းလှန်တဲ့ စစ်ပွဲဖြစ်တာကြောင့် တရားတဲ့စစ်ကို ဆင်နွှဲနေကြတာဖြစ်တယ်။
ဒါကြောင့် အသက်သွေးချွေးပေးဆပ်သွားပြီးဖြစ်တဲ့ ခေါင်းဆောင်၊ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားများ နဲ့ ပြည်သူတို့ရဲ့ မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်ကို ကျနော်တို့တတွေ ပြီးဆုံးတဲ့အထိ လက်တွဲညီညီ ဆက်လက်ချီတက်ပြီး အောင်ပွဲဆွတ်ခူးနိုင်တဲ့တိုင်အောင် သွေးစည်းညီညာအောင်ကြောင်းဖြာဆိုတဲ့စကားပမာ အောင်ပွဲအလီလီဆင်နွှဲနိုင်ကြပါစေလို့ မေတ္တာပို့သရင်း နိဂုံးချုပ်အပ်ပါတယ်။
ပါတီဗဟိုဌာနချုပ်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
ရက်စွဲ။ ၂၀၁၁ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့
No comments:
Post a Comment