ရေးသားသူ - သုဓနု
အင်္ဂါနေ့, 12 ဇူလိုင်လ 2011 17:09
စပါးရိတ်သိမ်းပြီးချိန် ဆောင်းရာသီအတွင်း ကျနော်တို့အဖွဲ့ဟာ မြင်းကောင်ရေအား (၇၅) ကောင်ရှိ ဒီဇယ်စက် တပ်ဆင်ထားတဲ့ လူ ၂၅ ယောက်ခန့် တင်ဆောင်နိုင်တဲ့ စက်လေလေးတစ်စီးဖြင့် ခရီးထွက်ခဲ့ကြတယ်။ ကျနော်တို့ (၅) ယောက်ဟာ စက်ဆီကို ချွေတာတဲ့အနေနဲ့ စက်မနိုးဘဲ လှော်တက်နဲ့ ထိုးဝါးကိုအားကိုးပြီး နန့်ပန်ချောင်းအတိုင်း စက်လှေကို မျှောဆင်းခဲ့ကြပါတယ်။ တစ်ပတ်စာရိက္ခ္ခာကိုယ်စီ၊ ငါးဖမ်းကွန်တစ်လက်နဲ့အတူ အမဲလိုက်တူမီးသေနတ်ကိုယ်စီဖြင့် မိမိတို့ မိသားစုဟင်းလျာအတွက် အပိုဝင်ငွေရှာဖွေရေး ခရီးထွက်ခဲ့ကြပါတယ်။
လမ်းတလျှောက်မှာ အခြားကရင်နီရွာသားတွေသာမက ထိုင်းနိုင်ငံက ရွာသားတွေကိုပါ ချောင်းရဲ့ဘေးနားတွေမှာ တဲထိုးစခန်းချပြီး ဖါးရှာ၊ ငါးရှာ၊ အမဲလိုက်ထွက်ကြတာကို မြင်တွေ့ရပါတယ်။ ကျနော်တို့အဖွဲ့ဟာ နေ့လည်လှေမျှောဆင်းလာစဉ် ချောင်းဘေးနား ရေဆင်းသောက်ကြတဲ့ တောကြက်၊ ရှဥ့်၊ ဖွတ်နဲ့ အခြားကျေးငှက်တိရစ္ဆာန်အငယ်လေးတွေကို မြင်တွေ့ခဲ့ပြီး ထိုညအတွက် တောကြက်(၁)ကောင်နဲ့ ရှဥ့်(၃)ကောင်ကို တူမီးသေနတ်ဖြင့် ပစ်ပြီး ရလာခဲ့ကြပါတယ်။
ညနေ (၄) နာရီလောက်အချိန်မှာ ကျနော်တို့ မုဆိုးအဖွဲ့ဟာ နန့်ပန်ချောင်းထဲစီးဝင်လာတဲ့ ထီးစဲချောင်းဝမှာ ရောက်ရှိပြီး ညနေစာ ထမင်းချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ ခေါင်းတပ်ဓါတ်မီး၊ တူမီးသေနတ်ဖြင့် သူငယ်ချင်း ဂျပန်အိုက်ကျော်နဲ့ စိုးရယ်တို့က ညဖါးတွေထွန်းပြီးကောက်ဖို့ ပြင်ဆင်နေသလို၊ ကျနော်နဲ့ ဖါးဘွဲ (၂) ယောက်တို့ဟာ ကွန်ဖြင့် ညအချိန် ငါးတွေရှာဖို့အတွက် အစီအစဉ်ချခဲ့ကြပါတယ်။
အစီအစဉ်အတိုင်း အသီးသီးထွက်ကြပြီး မနက်မိုးလင်းရင် ချောင်းဝမှာ ပြန်ဆုံကြဖို့သဘောတူခဲ့ကြတယ်။ ဖါး ကောက်မယ့် သူငယ်ချင်း(၂)ယောက်ဟာ ဖါးကောက်ဖို့ ခြင်းတစ်လုံးယက်ပြီးတော့ မိုးအချုပ်ကို စောင့်ဆိုင်းခဲ့ကြသလို ကျနော်နဲ့သူငယ်ချင်းဖါးဘွဲဟာ ဖါးအော်သံ၊ ညငှက်အော်သံ၊ ပရစ်အော်သံဆူဝေနေတဲ့ ညမိုက်ထဲ ငါးတွေကို ပိုက်ကွန်ဖြင့် တလှည့်စီ ဖမ်းပြီးချောင်းအတိုင်း ဆန်တက်ခဲ့ကြပါတယ်။
ည (၁ဝ) နာရီလောက်မှာ ဖါးဘွဲ ကွန်ပစ်အလှည့်ကျပြီး ကျနော့ရဲ့ပုခုံးပေါ် တူမီး(နှစ်လက်) လွယ်ပြီး သူ့ရဲရှေ့ကို ကျော်သွားစဉ် ချောင်းဘေးနားခြုံကြားက အသံတစ်ခုကြားလိုက်ပါတယ်။ ခေါင်းတပ်ဓါတ်မီးအသာလေးဖွင့်ပြီး ထွန်းကြည့်တဲ့အခါ ဝက်ကဲ့သို့အကောင်တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ရင်ထဲက တထိတ်ထိတ်နဲ့ ကျနော်အသင့်ချိန် ရွယ်ထားတဲ့တူမီးသေနတ်နဲ့ ပစ်ထည့်လိုက်တဲ့အခါ ထိုအကောင်ငြိမ်ကျသွားတာကို တွေ့လိုက်ရပါတယ်။
သူငယ်ချင်း ဖါးဘွဲက အပြေးအလွားရောက်လာပြီး “ဘာအကောင်လဲ” ကျနော့ကိုမေးပါတယ်။ “ငါမသိဘူး၊ ဝက်လိုလို ဘာလိုဘဲ၊ ငါတသက်ဒီအကောင်ကိုမမြင်ဖူးဘူး” သူ့ကို ပြန်ပြောပါတယ်၊ တောအတွေ့အကြုံများတဲ့ ဖါးဘွဲက ထိုအကောင်ကို သေချာစစ်ဆေးလိုက်တော့ “သူငယ်ချင်းရယ်၊ ဒါကို ခွေးတူဝက်တူလိုခေါ်တယ်၊ သေချာ မှတ်ထား” ဆိုပြီးကျနော့ကို ရှင်းပြပါတယ်။

ကရင်နီပြည် သံလွင်မြစ်ပေါ်ရေကာတာကြောင့် သဘာဝပတ်ဝန်းကျင်များထိခိုက်စေသည် |
ထိုနေရာကနေတဆင့် ကျနော်တို့ရလာတဲ့ (၇)ပိဿာ ငါးနဲ့ ခွေးတူဝက်တူတစ်ကောင်ကို ထမ်းပြီး စခန်းဆီ ပြန်ဆင်းသွားခဲ့ကြပါတယ်။ ဖါးထွန်းတဲ့ သူငယ်ချင်း (၃) ယောက်ကတော့ မနက်(၇)နာရီးလောက်မှဘဲ စခန်းချတဲ့နေရာကို ပြန်ရောက်လာခဲ့ကြတယ်။ သူတို့က ဖါး(၁ဝ)ပိဿာနဲ့ တောကြောင်(၄)ကောင် ရလာခဲ့ကြပါတယ်။
ရလာတဲ့ ငါးနဲ့ အကောင်တွေကို ထင်းခြောက်မီးကောင်းကောင်းဖြင့် အခြောက်လှမ်းပြီး ခြင်းတောင်းကြီးထဲ သိမ်းဆည်းထားလိုက်တယ်။ ဖါးတွေကိုတော့ အရှည်လိုက်ခြင်းတောင်းထဲထည့်ပြီး ရေစပ်နား စိမ်ထားပါတယ်။ ထိုနေ့ နေ့လည် (၁၂)ရီအချိန် ကျနော်တို့အဖွဲ့ဟာ နန့်ပန်ချောင်းအတိုင်း စက်လှေကို စုန်ဆင်းပြီး ဝါပက်ချောင်းဝမှာ စခန်းချခဲ့ကြတယ်။
သူငယ်ချင်း အိုက်ကျော်နဲ့ စိုးရယ်ကို စခန်းစောင့်ခိုင်းပြီး ကျနော်နဲ့အတူ သူငယ်ချင်း ဖါးဘွဲနဲ့ ဂျပန်တို့က ဝါပက်ချောင်းအတိုင်း သေနတ်ကိုယ်စီကိုင်ဖြင့် ဆန်တက်သွားပါတယ်။ လမ်းမှာ သူငယ်ချင်း (၂) ယောက်က မျောက်မြီးရှည် (၂) ကောင်ရလာကြပါတယ်။ ချောင်းဖျားဖက်ရောက်ချိန်မှာ ညနေစောင်း (၄) နာရီလောက်ရှိပြီးဖြစ်တယ်။ ချောင်းဖျားဖက်မှာ ရေတဖြည်းဖြည်းနည်းလာတာ တွေ့ရပါတယ်။ ကျား၊ ကျီ၊ တောင်ဆိတ်၊ ဆတ်၊ ဝက်ဝံနဲ့ တောဝက် ခြေရာအမျိုးမျိုးကို ချောင်းခြောက်ထဲ မြင်တွေ့ရပါတယ်။ အုပ်ဆိုင်းတဲ့တောအရိပ်အောက်မှ အေးချမ်းပြီး ချောင်းထဲက ငါးကလေးတွေဟာလည်း အုပ်စုလိုက် ပြေးလွားနေခဲ့ကြတာကို ကျနော်တအံ့တသြ မြင်တွေခဲ့ရပါတယ်။
တနေရာအရောက်မှာ သူငယ်ချင်းဖါးဘွဲက “ဟေ့ ချာလီနဲ့ဂျပန်၊ ဒါ တောကျွဲခြေရာဘဲ၊ ဒီကောင်တွေ ဒီအနီး နားရှိနိုင်တယ်” လို့ ကျနော်တို့ကို ပြောပြတဲ့အခါ ကျနော်ပိုပြီး စိတ်လှုပ်ရှားလာတယ်။ ကျနော်တို့ တူမီးတွေကို ပြန်စစ်ဆေးပြီး လိုအပ်တဲ့ယမ်းတွေ၊ ကျည်ထိပ်ဖူးတွေကို ပြင်ဆင်ပြီး ချောင်းခြောက်ငယ်အတိုင်းတက်သွားတဲ့ ကျွဲခြေရာနောက်ကို တဖြည်းဖြည်းရှာခဲ့ကြပါတယ်။
ရွံ့လူးအိုင်အနံ့ရလာလေလေ စိတ်ကပိုလှုပ်ရှားလာလေလေဖြစ်နေစဉ် မမျှော်လင့်ဘဲ ကျနော့သူငယ်ချင်းဂျပန်ရဲ့ တူမီးသေနတ်သံထွက်ပေါ်လာပြီး ကုန်းပြင်လေးပေါ် တဖြည်းဖြည်းပြေးတက်သွားကြတဲ့ တောကျွဲတွေကို ကျနော်မြင်တွေ့ရပါတယ်။ ကျနော့စိတ်ထဲမှာ “ဘယ်ရွာက လွတ်ထားတဲ့ကျွဲတွေလည်း မသိဘူး၊ တကယ်လှပြီး လုံးအိနေပါလား” ဆိုပြီး ကျနော့လက်ထဲက တူမီးဟာ အသံမထွက်လာနိုင်သေးချိန်မှာ သူငယ်ချင်းဂျပန်က “ဟေ့ ချာလီ၊ ပစ်လေ၊ ဒါတောကျွဲ၊ ရွာကျွဲမဟုတ်ဘူး” လို့ ကျနော့ကို သတိပေးချိန် တောကျွဲတွေဟာ ကွယ်ပျောက်ခါနီးမှ ကျနော့တူမီးလေး အသံက ဟိန်းထွက်လာပါတယ်။
ကျနော်တို့အဖြစ်က ပြောစရာ၊ ရယ်စရာအဖြစ်တစ်ခု ဖြစ်သွားပါတယ်။ နောက်ဆုံးကျနော်က “အင်း-မထိတာလည်း ကောင်းပါတယ်၊ သိပ်လှတဲ့ တောကျွဲတွေဘဲ၊ ဘယ်ရွာကျွဲလို့တောင် အောက်မေ့တယ်ကွာ”
ထိုည ကျနော်တို့ (၃) ယောက်ဟာ မျောက်မြီးရှည် (၂) ကောင်ထမ်းလာပြီး ချောင်းအတိုင်း ဖါးထွန်းဆင်းခဲ့ကြပါတယ်။ နံနက် (၁)နာရီအချိန် စခန်းထဲပြန်ရောက်လာခဲ့ပြီး နောက်ထပ် ဖါး (၁ဝ) ပိဿာကျော်ကျော်လောက် ထပ်ရလာတယ်။ ရလာတဲ့ မျောက်မြီးရှည်(၂)ကောင်ကို အမွေးချွတ်ပြီး အားလုံးခုတ်ထစ်ဆားနယ်ကာ ဝါးဗူး(၄)ဗူးထဲထည့်ပြီး မျောက်ချီးခါးလုပ်ထားခဲ့ကြတယ်။

နောက်တမနက် ကျနော်တို့အဖွဲ့ဟာ ရလာတဲ့အသားငါးတွေကို လုံခြုံစိတ်ချတဲ့နေရမှာ ဝှက်ထားပြီး စက်လှေကို စက်နိုးပြီး နန့်ပန်းချောင်းအတိုင်း စုန်ဆင်းကာ ဟွေအွမ်၊ ဝမ်ပွိုင့်ချောင်းကို ဖြတ်ဆင်းပြီး စွပ်ပိုင်လေဆိပ်မှာ ခေတ္တရပ်နားခဲ့ကြပါတယ်။ သံလွင်နဲ့ နန့်ပန်ချောင်းဆုံဟာ အင်မတန်မှ သာယာလှပတဲ့နေရာလေးပါ။ သဲသောင်ပြင်ကနေတဆင့် မျက်စောင်းထိုးကြည့်လိုက်ရင် ရွာသစ်မြို့ကလေးကို မြင်တွေ့ရပါတယ်။ သံလွင်ရဲ့ရေစီးသံနဲ့အတူ မျှောပါလာတဲ့ နှုံးမြေတွေဟာ မြစ်ဘေးနားအတွက် သဘာဝမြေသြဇာကို ဖန်တီးပေးထားပါတယ်။
စွပ်ပိုင်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေတွေ့ရပေမယ့် မဆလ(နဝတ၊ နအဖ) စစ်ဆင်ရေးတွေကြောင့် ပျောက်ကွယ်သွားခဲ့ကြပါတယ်။ ရွာသူရွာသားတွေဟာ ရွာကို စွန့်ခွာပြီး ထိုင်းနိုင်ငံထဲကို ဒုက္ခသည်စခန်းမတည်ခင်ကတည်းက ထွက်ပြေးခိုလှုံပြီး ယခုအချိန်မှာ ထိုင်းနိုင်ငံသားတွေ ဖြစ်ကုန်ပါပြီ။ စွပ်ပိုက်ကဲ့သို့ အခြားသံလွင်ဘေးကရွာတွေဟာ ၁၉၇၄ ဖြတ်လေးဖြတ်ကြောင့် ပျောက်ကွယ်သွားပါတယ်။ ထိုအထဲမှာ သာယာရွာလည်း ပါဝင်ပါတယ်။
ကျနော်တို့အဖွဲ့ဟာ သာယာရွာဟောင်းဖက်ကို စက်လှေနဲ့ ဆင်းသွားပြီး စခန်းချခဲ့ကြတယ်။ သာယာရွာ တည်ရှိ ခဲ့တဲ့နေရာဟာ အင်မတန်မှသာယာပါတယ်။ အကယ်၍ တိုင်းပြည်အခြေအနေကောင်းမယ်ဆိုရင် ရွာတည်ဖို့ နေရာအလွန်ကောင်းတဲ့အပြင် လုပ်ကိုင်စားသောက်ဖို့ အချက်အခြာဖြစ်လာမယ့် နေရာဖြစ်လာနိုင်ပါတယ်။ သာယာကနေတဆင့် မယ်စဲ့နန်၊ မယ်စဲ့ဖက်ကို ကားလမ်းပေါက်ပါတယ်။
သာယာအကြောင်းကို တစေ့တစောင်းသိထားသူ သူငယ်ချင်းအိုက်ကျော်က “ ငါ့အဖိုးအဖွားတုန်းက ဒီမှာဘဲ နေထိုင်ခဲ့ကြတယ်၊ အရင်တုန်းက သာယာဟာရွာအကြီးကြီးဘဲ” လို့ သူကစပြီးပြောတော့ ကျနော်က “အင်း ကျနော်ဖတ်ဖူးတယ်။ အရင်တုန်းက ကျနော်တို့ အရှေ့ကရင်နီစောဖျာ ဖေါဖေါ်ကြီး လက်ထက်တုန်းက သူနဲ့ ချင်းမိုင် ဘုရင်တို့ဟာ ဒီသာယာမှာ ကျွဲကြီးတစ်ကောင်သတ်ပြီး ကျွဲသွေးကို အရက်နဲ့ရော သစ္စာဆိုပြီး သောက် ခဲ့ကြတယ်” လို့ဆိုလိုက်တယ်။

ဂျပန်က “အင်းငါလည်း ကြားဖူးတယ်၊ ဘာလဲဆိုတော့ သူတို့ ကျွဲချိုတစ်ယောက်တစ်ဖက်ယူပြီး သစ္စာဆိုထားကြတယ်၊ ဟုတ်လားချာလီ” ဟု ကျနော့ကိုမေးတယ်။
ကျနော်က “ဟုတ်တယ် အဲဒီသစ္စာဆိုတာမင်းတို့သိလား” လို့မေးတော့ ဂျပန်က “ကျွဲချိုမဖြောင့်မချင်း၊ ဆင်ဖြူ ဂူမပြိုမချင်း ၊သံလွင်မြစ်မခန်းမချင်း၊ ကရင်နီပြည်နဲ့ ချင်းမိုင်ပြည် ထာဝရမိတ်ဆွေဖြစ်ရမယ်”
ကျနော်က “အင်းဟုတ်တယ်၊ အဲဒီတုန်းက စောဖျာဖေါဖေါ်ကြီးဟာ ဘောလခဲဖက်မှာ ထီးနန်းတည်ပြီး အရှေ့ကရင်နီကို အုပ်ချုပ်နေတဲ့အချိန်ပေါ့၊ ဒါဆိုရင် ဆင်ဖြူဂူက သူတို့ဘယ်ဂူကိုပြောတာလဲ” လို့ မေးလိုက်တော့ အိုက်ကျော်က “ ကျနော့သူငယ်ချင်း ယင်းတလဲ တချို့ပြောတာက ဆင်ဖြူဂူဆိုတာ ဝမ်အောင်း ရွာရဲ့မျက်နှာချင်းဆိုင်ဂူမှာရှိတယ်တဲ့၊ လပြည့်လကွယ် အချိန်တန်လို့ရှိရင် ဆင်ပြန်လာသံကြားရတယ်တဲ့” လို့ သူကပြောပြပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ်ကျနော်တို့အဖွဲ့ဟာ သာယာရာဇဝင်သမိုင်းအကြောင်းကို ပြောဆိုဆွေးနွေးရင်း တဖြည်းဖြည်းအမှောင်ထု ဖုံးလွမ်းလာပါတယ်။ ခေါင်းတပ်ဓါတ်မီး၊ ဆလိုက်မီးတွေကို ပြင်ဆင်တပ်ဆင်ပြီး သူငယ်ချင်း အိုက်ကျော်က တဖြည်းဖြည်းစက်လှေကို စွပ်ပိုင်ဖက်ကို မောင်းနှင်ပေးပြီး သံလွင်ဘေးက တောကောင်တွေကို ထွန်းလာပါတယ်။
သာယာကနေ စွပ်ပိုင်အထိ သံလွင်ဘေးတောကောင်ထွန်းလာတာ ဆတ်(၁)ကောင် ရလာခဲ့တယ်။ စွပ်ပိုင်အရောက်မှာ သူငယ်ချင်း စိုးရယ်နဲ့ ဖါးဘွဲတို့က ဆတ်ကိုကိုင်ပြီး အခြောက်လှန်းနေစဉ် ကျနော်၊ အိုက်ကျော်နဲ့ ဂျပန်တို့ (၂)ယောက်ဟာ စက်လှေဖြင့် သံလွင်ဘေးတောကောင် ဆက်ထွန်းပြီး ကျောက်ကျဉ်းအထိ ထွန်းတက်ပါတယ်။ ကျနော်တို့ ကျောက်ကျဉ်းအနီးမှာ ဂျီ (၁)ကောင် ထပ်ရပါတယ်။ သူငယ်ချင်းအိုက်ကျော်ရဲ့ ကျွမ်းကျင်မှုကြောင့် ထိုညမှာဘဲ သဲသောင်မှာ ဥတဲ့ ကမ္ဘာလိပ်ကြီး (၃)ကောင်ကို ထပ်ရလာပါတယ်။ ကျနော်တို့လှေကို ပြန်ခေါက်ပြီး နံနက် (၃) နာရီလောက်တွင် စွပ်ပိုင်ကို ပြန်ရောက်လာခဲ့တော့တယ်။
၅ ရက်အတွင်း ကျနော်တို့အဖွဲ့ရဲ့တောလိုက်တဲ့ အတွေ့အကြုံနဲ့ရလာတဲ့ အကောင်တွေ အစားအသောက်တွေဟာ မိမိတို့မိသားစုအတွက်သာမက အဲဒီတုန်းက ဝင်ငွေအဖြစ်တောင် ရောင်းချနိုင်ခဲ့ကြသေးတယ်။ အဲဒီတုန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ သစ်တောထိန်းသိမ်းဖို့ ဗဟုသုတဆိုတာ လုံးဝမရှိခဲ့ကြပါဘူး။ တစ်ရက်လုပ်တစ်ရက်စားနဲ့ အသက်ရှင်နိုင်ဖို့အတွက် တောင်ယာလုပ်ငန်း၊ အငှါးလိုက်လုပ်ငန်း၊ တောလိုက်အမဲပစ်လုပ်ငန်းနဲ့ ဖါးရှာ ငါးရှာလုပ်ငန်းတို့ဖြင့် မိသားစုဘဝအတွက် ရုန်းကန်လှုပ်ရှားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ယခုအခါ အစစအရာရာပြောင်းလဲကုန်ပါပြီ။ ကျနော်တို့ဘဝဟာ ပြည်တွင်းစစ်မီးအရှိန်အဟုန်ကြောင့် ဒုက္ခသည် ဘဝရောက်သူရောက်၊ တတိယနိုင်ငံဆီရောက်သူရောက် ဖြစ်ကုန်ပါပြီ။ ကျနော်တို့အဖွဲ့ဟာ ယခုအချိန်မှာ တကွဲတပြားဖြစ်ကုန်ပြီး ကျနော်တို့နေထိုင်လာခဲ့တဲ့ ရွာလေးဟာလည်း ၁၉၈၉ ခုနှစ် နဝတရဲ့ စစ်ဆင်ရေးကြောင့် ပျောက်ကွယ်သွားပါပြီ။
ထိုအချိန်ကာလနဲ့ အခုအချိန်ကာလကို ချိန်ထိုးနှိုင်းယှဉ်ကြည့်ရင် ယခုအခါ ကမ္ဘာမြေကြီးဟာလည်း သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရေနံနဲ့ဓါတ်ငွေ့ အလုအယက် ထုတ်လုပ်မှုနဲ့ မြစ်ချောင်းများကို ဆည်ပိတ်ဆို့ပြီးလူသားတွေအတွက် လိုအပ်နေတဲ့ စွမ်းရည်လောင်စာ ထုတ်လုပ်မှုတွေကြောင့် ယနေ့ မိမိတို့လူသားတွေနေထိုင်လာခဲ့ကြတဲ့ ဒီကမ္ဘာမြေကြီးဟာ ပူနွေးလာပြီး အချိန်အခါမဟုတ် နေပူခြင်း၊ အချိန်ခါမဟုတ် မိုးရွာခြင်း၊ အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်းစတဲ့ ရာသီဥတု ဖေါက်ပြန်မှုနဲ့ သဘာဝဘေးဒဏ်ပြဿနာများ မကြာခဏ တွေ့ကြုံခံစားလာနေကြရပါတယ်။
ဒါတွေဖြစ်လာတာဟာ ကျနော်တို့လူသားတို့ရဲ့ သဘာဝသယံဇာတ အလွန်အကျွံထုတ်ယူဖျက်ဆီးမှုအပေါ် အဓိကမူတည်နေကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားပါတယ်။ ဒါပေမယ့် လူသားတွေဟာ မိမိတို့ရဲ့လိုအပ်ချက်နဲ့ လောဘရမ္မက်တွေကို မထိန်းချုပ်နိုင်ဘဲ သဘာဝအရင်းအမြစ်တွေကို မဆင်မခြင် ဆက်လက် ဖျက်ဆီးနေကြတုန်းပါဘဲ။

သဘာဝ(သို့မဟုတ်) ဘုရားသခင်က ဖန်ဆင်းပေးထားတဲ့ စားသောက်ဖွယ်ရာ သဘာဝတောကောင်တွေ၊ သဘာဝသီးနှံတွေ၊ သဘာဝရှုခင်းတွေ၊ တောတောင်ရေမြေတွေ၊ မြစ်ချောင်းတွေဟာ ကျနော်တို့ လူသားတွေအတွက် ထာဝစဉ်တည်ရှိနိုင်ဖို့အတွက် မပျက်မစီးအောင်၊ မျိုးသုဉ်းမပျောက်ကွယ်အောင် ထိန်းသိမ်းကာကွယ်ဖို့ လူသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။
ကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျနော်တို့ကရင်နီနယ်အတွင်း ပေါများလှတဲ့ သားငါး တိရစ္ဆာန်၊ သဘာဝမြေဆီလွှာနဲ့ ထူပြောလှတဲ့ သဘာဝသစ်တောတွေကို ယနေ့ထူးကုမ္မဏီကဲ့သို့ မှိုလိုပေါက်ကုမ္မဏီတွေ၊ ရွာသစ်ရေကာတာတည်ဆောက်တဲ့ ဒါတန်းကုမ္မဏီကဲ့သို့ တရုတ်တွေက ခြိမ်းခြောက်လာနေပါပြီ။ ကျနော်တို့တောလည်ခဲ့တဲ့ သံလွင်ဘေးကျောက်ကျဉ်းနေရာမှာ ဧရာမရေကာတာကြီးတစ်ခုကို တည်ဆောက်နိုင်ဖို့ တရုတ်နဲ့ဗမာအစိုးရတို့က ကြိုးပမ်းနေကြပါတယ်။
ဒီရေကာတာကြီးကနေ ထွက်လာတဲ့ လျှပ်စစ်မီးကို ဗမာပြည် ပြည်သူလူထုအတွက်မဟုတ်ဘဲ နိုင်ငံခြားဝင်ငွေရရှိဖို့အတွက် အိမ်နီးနားချင်းတရုတ်နဲ့ ထိုင်းနိုင်ငံကို ရောင်းချသွားမှာဖြစ်ပါတယ်။
ခရစ်သက္ကရာဇ် ၁၈ဝ၉ ခုနှစ် သံလွင်မြစ်ကမ်းနဖူး သာယာရွာမှာ “ကျွဲချိုမဖြောင့်မချင်း၊ သံလွင်မြစ် မခန်းမချင်း၊ ဆင်ဖြူဂူမပြိုမချင်း ၊ထာဝရမိတ်ဆွေကောင်း ဖြစ်ရမယ်” အပြန်အလှန်သစ္စာဆိုပြီး သမိုင်းဝင် စာချုပ်ချုပ်ထားခဲ့ကြတဲ့ ဘိုးဖိုးဒူ(ခေါ်) စောဖျာဖေါဖေါ်ကြီးနဲ့ ထိုင်းနိုင်ငံဇင်းမယ်ဘုရင်တို့ကို ပြန်လည်သတိရအောက်မေ့ပြီး လူမှာဂတိ၊ မင်းမှာသစ္စာဆိုတဲ့အတိုင်း ကျနော့အတွေးထဲမှာ “ဘာကြောင့် လူသားတွေဟာ တစ်ဦးအပေါ်တစ်ဦး သစ္စာမရှိ၊ ဂတိမတည်တာလဲ” ပြီးတော့ “ဘာကြောင့် အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်၊ ဂုတ် သွေးစုပ်အမြတ်ထုတ်ပြီး လူလည်လုပ်ချင်တာလဲ” စတဲ့ မေးခွန်းက ပေါ်လာပါတယ်။
ကျနော့ရဲ့နောက်ဆုံး ထွက်ပေါ်လာတဲ့ အတွေးထဲက အဖြေတစ်ခုကတော့ “မိမိတို့ရဲ့ဘိုးဘွားပိုင် အမွှေအနှစ်၊ သဘာဝအရင်းအမြစ်၊ လူမျိုးနဲ့သမိုင်းရာဇဝင် မပျောက်ပျက်အောင် တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းဝန်းထိန်းသိမ်းသွားကြဖို့ အရေးကြီးလိုအပ်နေကြောင်း” ဆိုတာပါဘဲ။
Comments
Post a Comment