ရေးသားသူ - ကယားထဲ
ကြာသာပတေးနေ့, 11 ဖေဖော်ဝါရီလ 2010 10:18
ကြာသာပတေးနေ့, 11 ဖေဖော်ဝါရီလ 2010 10:18
အိမ်ခြေလေးဆယ်လောက်သာရှိတဲ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ မကြားစဖူး မီးစက်တွေ နိုးထားတယ်။ မမြင်စဖူး အိမ်တစ်အိမ်မှာ မီးတွေလင်းနေလို့ စိတ်ဝင်စားမိရင်းနဲ့ ကျနော့်ခြေလမ်းတွေ အဲဒီမီးလင်းနေတဲ့အိမ်ကို ခြေဦးတည့်မိခဲ့တယ်။ အိမ်လေးက ပျဉ်ထောင်အိမ်လေးဖြစ်ပြီး မီးဖိုခန်းထဲမှာတော့ လူငယ်လူကြီး အရွယ်ပေါင်းစုံက ကျနော်ကို မြင်မြင်ချင်းပါပဲ ကရင်နီတို့ရဲ့ ရိုးယာအစဉ်အလာဖြစ်တဲ့ ခေါင်ရည်ခွက်နဲ့ဦးစွာ ဆည်းကြိုကြတယ်။
ထူးဆန်းတာက ကျနော့်ကို ခေါင်ပဲတိုက်ပြီး ၀က်အူချောင်းတို့က ဦးကြီးများ၊ အဒေါ်ကြီးတွေကပဲ စားလိုက်သောက်လိုက်ကြနဲ့ ပြီးတော့ ကျနော်နားလည်အောင် မနည်းနားစွင့်နေရတဲ့ ကရင်နီတို့ရဲ့ ရှေးတေးသီချင်းတွေကိုလည်း ဆိုနေကြလို့ပေါ့။ ကျေးရွာအတွင်း ဘာပွဲလမ်းသဘင် အစီအစဉ်များလဲဆိုတာတော့ မသိရသေးခင်မှာပဲ။
အဲဒီထဲက ဦးလေးတစ်ယောက်က ဒီနေ့က မောင်ခူးရယ်နဲ့ မမော်မြာတို့ရဲ့ မင်္ဂလာအကြိုနေ့ဖြစ်တယ်လို့ ကျနော့်ကို ရှင်းပြတော့မှ ကျနော် ကောင်းကောင်းနားလည်ခဲ့တယ်။ ဦးလေးက “ဒီနေ့က မြေပေါ်မြေအောက် နတ်ကောင်းနတ်မြတ်တွေနဲ့ ဘိုးဘေးဘီဘင်တွေကို မင်္ဂလာပွဲအတွက် ဦးစွာပူဇော်ပသကျွေးမွေးတဲ့နေ့မို့ ဒီဝက်အူချောင်းက လူငယ်လူပျိုတွေ မစားရဘူး၊ စားရင် လာတ်လာဘတ်မရှိဘူး” လို့ ရှင်းပြခဲ့ပါတယ်။
ကရင်နီပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတို့ဟာ သူ့လ၊ သူ့ရာသီနှင့် အလုပ်အကိုင်ကအစ မင်္ဂလာဆောင်ပွဲအဆုံး၊ သူ့ဓလေ့နဲ့သူ၊ သူ့ထုံးစံနဲ့သူ ရှေးပဝေသဏီလက်ထက်က တည်ရှိခဲ့ကြတာပါ။ ယခုဖေဖော်ဝါရီလ၊ ကရင်နီဘာသာဖြင့် (လဲသျှ-လဲသီး) လခေါ် ယခုလရာသီအချိန်အခါသမယဟာ ကရင်နီလူမျိုးများရဲ့ “ခိုးမဲဖုသယ်” အပျိုလူပျိုလက်ထပ်ပွဲနှင့် “ခိုးမဲ”ခေါ် “ခမည်းခမက်”တော်စပ်ပွဲ ကျင်းပခြင်းဘဲ ဖြစ်ပါတယ်။
ထော်လဂျီစက်ခေါင်းအားနဲ့ အစွမ်းကုန်ထွန်းထားတဲ့ ခြောက်ဆယ်အားရှိ မီးသီးရှဲ့ အလင်းရောင်အောက်မှာ ကရင်နီလူမျိုးတို့ရဲ့ ရှေးဓလေ့ထုံးတမ်းစဉ်လာ အီရိုးတေးသံသီးချင်းကို ဦးကြီးတွေနဲ့ ဒေါ်ကြီးတို့က ချစ်တင်းနှီးနှောဖလှယ်သော အဓိပ္ပါယ်ဖွင့်ဆိုချက်များနဲ့ အပြိုင်အဆိုင် သီဆိုနေကြတာကို တွေ့ရတယ်။
ကရင်နီလူမျိုးတို့လက်ထပ်ပွဲမှာ “အီရိုး”လို့ ခေါ်တဲ့တေးကို မဆိုကြဘူးဆိုရင် သားသမီးများများမထွန်းကားနိုင်ဘူးလို့ မိရိုးဖလာ အယူအဆရှိခဲ့ကြတယ်လို့ ပြောကြတယ်။ “ပရယ်အီရိုး”လို့ ခေါ်တဲ့တေးဆိုသူ ဦးကြီးများနဲ့ ဒေါ်ကြီးများက တေးဆိုလိုက်၊ ခေါင်ရည်သောက်လိုက်နဲ့ ဘေးပတ်ပတ်လည်မှာလည်း လူငယ်မောင်မယ်တွေနဲ့ စည်ကားလျှက် ညလုံးပေါက် တေးဆိုနေကြတယ်။
နောက်တစ်မနက်မှာတော့ “ထျထိုးထျဘော်”ခေါ် လက်ထပ်ပွဲကိုဖြစ်မြောက်စေတဲ့ ၀က်တစ်ကောင်ကို အိမ်ထောင်ရေး ကောင်းရာကောင်းကြောင်းတွေကို အဓိဌာန်ပြုပြီး သတ်ကြတယ်။ သတို့သားအမေတစ်ဦးနဲ့ သတို့သမီးအဖေတို့က ကယားစောင်တစ်ထည်တည်း ဦးခေါင်းပေါ်မှာ ဖုံးအုပ်ခြုံထားကြပြီး၊ ရှေးလူကြီးတစ်ဦးက ခေါင်ရည်ခွက်ကို ပေးသောက်ရင်း ၀က်အသဲ၊ ကြက်အသဲကို နည်းနည်းစီပေးကိုက်စေခဲ့တယ်။ ဦးကြီးနဲ့ ဒေါ်ကြီးက မျက်နှာချင်းဆိုင် အနီးကပ်ဆုံးနေကြပြီးတဲ့အခါ နောက်ဖက်ကလူကြီးနှစ်ဦးက ခမည်းခမက် ဖြစ်စေမည့် ပုဂ္ဂိုလ်နှစ်ဦးကို ဦးခေါင်းတိုက်ပေးလိုက်ကြတယ်။
အဲဒီချိန်မှာပဲ “ဒီနေ့ကနေစပြီး ခမည်းခမက် ခေါ်လို့ရပြီ”လို့ နောက်ဖက်က ဦးလေးတစ်ယောက်က ဆိုပါတယ်။ ခမည်းခမက်ဆောင်ရွက်မှုများဟာ မိဘတို့ရဲ့ တာဝန်ဝတ္တရားဖြစ်ကြောင်းကိုလည်း သိရပါတယ်။
ပြီးနောက်မှာတော့ “ရှေးသူ”ခေါ် ဆေးကြောရန်ကြက်ကိုလည်းယူလာပြီး သတို့သားရဲ့ “ရှေးသူ”သွေးကို သတိုးသမီးနဖူးမှာ တစ်စက်နှစ်စက်ချတယ်။ ထိုနည်းတူစွာပဲ သတို့သမီးရဲ့ ရှေးသူသွေးကိုလည်း သတို့သားနဖူးပေါ်မှာ သွေးစက်ချပြီး နှစ်ဦးစလုံးက ရှေ့ရေးနောင်ရေးကို အဓိဌာန်ပြု ကြက်ရိုးထိုးမေးမြန်းကြတယ်။
ကရင်နီလူမျိုးတို့ဟာ လက်ထပ်ထိမ်းမြှားပွဲကို အလွန်တရာမှ အမြတ်တနိုးထားကြလို့ မိမိတို့ရဲ့ထုံးတမ်းစဉ်လာကို အဓိကပြုလုပ်သွားကြပြီး မင်္ဂလာပွဲကုန်ကျစရိတ် မတတ်နိုင်တဲ့အဆုံး လာရောက်ကြတဲ့ ဧည့်ပရိသတ်တွေကိုတော့ တစ်ရွားသားအချင်းချင်းတွေနဲ့ ရွာနီးစပ် တစ်ဦးတစ်လေသာရှိတာမို့ ရွာတွင်းလူငယ်တွေက ၀ိုင်းဖွဲ့ထောင်းထားကြတဲ့ ထမင်းထောင်းဝက်သားအနည်းငယ်နဲ့ ခေါင်ရည်ချိုချိုကို တည်းခင်းဧည့်ခံပြီး စားသောက်ကြပါတယ်။
အဲဒီပွဲရဲ့ညမှာပဲ ပရယ်အီရိုးတွေကလည်း ကရင်နီဘာသာသီချင်းအီရိုးနဲ့ သတို့သား၊သတို့သမီးနှစ်ဦးကို “ရာသက်ပန်ရိုးမြေကျ၊ ပေါင်းသင်းနေထိုင်ပြီး အေးအတူပူအမျှ၊ မကွဲမကွာ၊ သားသမီး၊ မြေးမြစ်မက အမျိုးအနွယ်စောင့်ရှောက်တဲ့ တာဝန်ဟာ မမေ့မလျှော့ပဲ သစ္စာမေတ္တာတရားနဲ့ အိမ်ထောင်ရေးကို ဖန်တီးသွားကြပါ” ဆိုတဲ့အနက်အဓိပ္ပါယ်ပါတဲ့တေးသံကို လေ့လာဆည်းပူးနားထောင်ရင်း ကရင်နီလူမျိုးတွေရဲ့ မင်္ဂလာပွဲဟာ “အီရိုး”တေးသံထဲမှာ လေးနက်မူကို ဖော်ဆောင်ထားပါလားဆိုတာကို ကျနော်အပါအ၀င် လေ့လာဆည်းပူးသူလူငယ်တချို့က နှစ်မြောစွာ နားစွင့်နေမိပါတော့တယ်။
Comments
Post a Comment