ဆရာကြီးထဲဘူးဖဲ - ကရင်နီခွီးစောဖျာများမှ ဆင်းသက်လာသူ…

ရေးသားသူ -  ဒီမင်း၊ ကူးဒူ
သောကြာနေ့, 28 ဇန်န၀ါရီလ 2011 17:04 

စောဖျာကေးဖိုးဒူ
စောဖျာ ကေးဖိုးဒူ
ကရင်နီပြည်က နှစ်စဉ် ပွဲလုပ်ပြီး ကျင်းပတဲ့ တံခွန်တိုင် (ကေးထျိုးဘိုး)
ကရင်နီပြည်က နှစ်စဉ်ပွဲလုပ်ပြီး ကျင်းပတဲ့ တံခွန်တိုင် (ကေးထျိုးဘိုး)
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရတဲ့ ကရင်နီ အမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲဟာ ကရင်နီခွီးစောဖျာခေါ် စောဖျာမျိုးနွယ်ကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။  
အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာကြီးထဲဘူးဖဲကို ကရင်နီပြည် ဖရူဆိုမြို့နယ် ကေးလျားကျေးရွာမှာ အဖခွီးဆူရယ်နဲ့ အမိမော်ဖိုးမာတို့မှ ဖွားမြင်ခဲ့တဲ့ ပဉ္စမမြောက် သားဖြစ်ပါတယ်။ ခွီးဆူရယ်ဟာ ခွီးဖိုးကလဲရဲ့ သားတော်ဆက်ဖြစ်ပြီး ခွီးဖိုးကလဲမှာမူ စောဖျာကေးဖိုးဒူရဲ့ ဒုတိယမြောက်သားဖြစ်တဲ့ ခွီးတီဖဲရဲ့ သားတော်ဆက်ခံသူဖြစ်ပါတယ်။
ကရင်နီခွီးစောဖျာနဲ့ တံခွန်တိုင်
ခွီးစောဖျာကေးဖိုးဒူရဲ့ စဉ်ဆက်တလျှောက်မှာ ကေးထျိုးဘိုးလို့ခေါ်တဲ့ တံခွန်တိုင်ကို ယုံကြည်လာခဲ့ကြတယ်လို့ သိရပါတယ်။ ဆရာကြီးထဲဘူးဖဲရဲ့ ဖခင် ခွီးဆူရယ် လက်ထက်မှာတော့ နှစ်ခြင်းခရစ်ယာန်ဘာသာ ပြောင်းလဲလာကြတာကို တွေ့ရပါတယ်။
“အဖွားတို့မိဘတွေက ဘာတွေကိုးကွယ်ခဲ့လည်း ဆိုတာ နှစ်ခြင်းခရစ်ယာန်ပဲ ကိုးကွယ်ကြတာ။ ဒါပေမယ့်အဖွားရဲ့ အမေကတော့ နှစ်ခြင်းမခံခဲ့ဘူး။ အဲဒီအချိန်မှာ အဖွားရဲ့ အဖေကဆုံးသွားတဲ့အချိန်မှာ အဖွားက တစ်နှစ်ပဲ ရှိသေးတော့ ဘာမှ နားမလည်သေးဘူး။ ဒီနှစ်ခြင်းကိုးကွယ်တာကတော့ ဒီအဖွားတို့ အဖေကနေပဲစတယ်လို့ ပြောရမှာပေါ့နော အဖွားတို့ အဖေကစပြီးလုပ်တာ ဒီနှစ်ခြင်းခရစ်ယာန်ကို” လို့ သက်ရှိထင်ရှားရှိနေတဲ့ ဆရာကြီးထဲဘူးဖဲရဲ့ ညီမကပြောပါတယ်။
ဆက်လက်ပြီး သူမက “ဒါကတော့ သူ့(ဆရာကြီးထဲဘူးဖဲ) ရဲ့  ဝါသနာပေါ့။ အဘိုးအဘွားတွေက တံခွန်တိုင်ကို လုပ်လာခဲ့တဲ့အတွက်ကြောင့် သူလည်း ဝါသနာပါတယ်။ အဖွားလည်း တံခွန်တိုင် ဖြစ်ပြီဆိုလည်း ဝမ်းသာတာပဲ မသွားနိုင်တာတစ်ခုပဲ ရှိတယ်။ အမျိုးရဲ့ ထိန်းသိမ်းရေးအနေနဲ့ပေါ့” လို့ ပြောပါတယ်။
“အဖေက ကျမတို့ကို လွတ်လွတ်လပ်လပ် ရွေးပိုင်ခွင့်ပေးတာပေါ့နော ဒီဘာသာရေးနဲ့ ပတ်သက်ပြီး ကျမတို့ ကြိုက်တဲ့ဟာ ကျမတို့ဘာသာ ကိုးကွယ်လို့ ရတယ်။ ဥပမာ ကျမ အစ်မအကြီးဆုံးဆို သူက စနေအသင်းလေ၊ စနေအသင်းကျောင်းမှာ သွားနေရင်း စနေအသင်းဖြစ်သွားတယ်။ ကျမတို့ကတော့ ခရစ်ယာန်ပေါ့နော၊ အမေနောက်လိုက်တဲ့ အခါကျတော့ ခရစ်ယာန်ဖြစ်တယ်။ အဖေကိုယ်တိုင်ကလည်း ခရစ်ယာန်နှစ်ခြင်းပါပဲ။ အခုအစ်ကိုတစ်ယောက်ကလည်း နှစ်ခြင်းမခံသေးဘူး ဒါပေမယ့်အဖေက ဘာမှမပြောဘူး။ အဲဒီကိစ္စကို သူဘာမပြောပါဘူး” လို့ ဆရာကြီးထဲဘူးဖဲရဲ့စတုတ္ထမြောက် သမီးဖြစ်သူ မော်သဲမာက ပြောပါတယ်။
“အဖေက နှစ်ခြင်းတစ်ယောက်ဖြစ်ပေမယ့် သူက အဲဒီကေထျိုးဘိုးကို နတ်စားလို့သူမမြင်ဘူးလေ၊ ဘာဖြစ်လို့လည်းဆိုတော့ သူက ကိုယ်တိုင်တံခွန်တိုင် ကေထျိုးဘိုးစာအုပ်အကြောင်းကို ရေးတဲ့လူပဲ နောက်မှ သူက လေ့လာတယ်လေနော်။ သူကတော့ သူပြောပါတယ် ကေထျိုးဘိုးဆိုတာ ငါတို့မှာလည်း ငါတို့ ကိုးကွယ်တဲ့ဘုရားရှိတယ်တဲ့၊ ကေထျိုးဘိုးပွဲ လုပ်တယ်ဆိုတာ အဲဒီနတ်တွေပူဇော်တာတို့ မဟုတ်ဘူးတဲ့ ဘုရားကို ကျေးဇူးတင်တဲ့အနေနဲ့ ကေထျိုးဘိုးပွဲလုပ်တာပဲ။ နောက်ပြီးတော့မှ အဲဒီနတ်တွေပူဇော်တာက ငါတို့ကို အနှောက်အယှက်မပေးဖို့ ငါတို့ပူဇော်တာ အဲဒါကြောင့်မလို့ ငါတို့ ကေးထျိုးဘိုးလုပ်တယ် ဆိုတာက ရိုးရာတစ်ခုပေါ့နော သူကဘာသာရေးနဲ့ မသတ်မှတ်ချင်ဘူး၊ သူက ရိုးရာပွဲတစ်ခုအနေနဲ့ပဲ သူသတ်မှတ်ချင်တယ် အဲဒီကေထျိုးဘိုးပွဲရိုးရာ ရိုးရာနဲ့ သတ်မှတ်လို့ရှိရင် အားလုံးပါဝင်နိုင်တာပေါ့နော်။”
ဆက်လက်ပြီး မော်သဲမာက ကေးထျိုးဘိုးအပေါ်ထားရှိတဲ့ သူမအဖေရဲ့ သဘောထားကို ယခုလို ဆက်ရှင်းပြပါတယ်။
“သူအဲဒါ သူအမြဲပြောတယ် ဥပမာ ကချင်လိုမျိုးပေါ့ သူတို့မနောတိုင်ကိုပေါ့နော မနောတိုင်ကို ရိုးရာတစ်ခု အနေနဲ့ပဲ သူတို့ထားတယ်လေ ရိုးရာတစ်ခုအနေနဲ့ထားတော့ သူတို့အားလုံးပါဝင်လို့ရတယ်။ အဖေလည်း သူ့သဘောကအဲလိုရှိတယ် ကေထျိုးဘိုး ဆိုတာ သူ့အတွက်ရိုးရာပဲ ဘာသာတစ်ခုမဟုတ်ဘူး ဒါကြောင့်မလို့ သူကေးထျိုးဘိုး ပွဲတော်တွေကို မမေ့အောင်ဆိုပြီး သူစာအုပ်တွေအများကြီး သူထုတ်ခဲ့တယ်။ သူများတွေက သိပ်ပြီးမှ နားမလည်ဘူးလေနော၊ သူက သူများတွေ ပိုနားလည်အောင်ဆိုပြီး သူစာအုပ်တွေရေးတယ် ပြောတယ် သူဟောပြောတယ် အဲဒီအကြောင်းတွေကိုပေါ့။”
ဆရာကြီးထဲဘူးဖဲလိုဘဲ ယခုလက်ရှိ ကရင်နီမှာ စောဖျာကေးဖိုးဒူရဲ့ သားစဉ်မြေးဆက်တွေ သက်ရှိထင်ရှားရှိနေသေးတဲ့အကြောင်း ခွီးစောဖျာ ကေးဖိုးဒူစာအုပ်အား ရေးသားပြုစုထားတဲ့ ခူးဗျားရယ်ပေါလူက ယခုလိုရှင်းပြပါတယ်။
“မိဘ ဘိုးဘွားတွေ ပြောလို့ ပါလာတဲ့အကြောင်းအရာတွေ၊ မှားစရာမရှိဘူးပေါ့။ အဲ့ဒါက အငယ်ဆုံး အီထွေးကနေ ဆင်းသက်လာတဲ့အမျိုးပေါ့။ အခု ဒီတနွယ်ကတော့ ပျောက်နေတယ်။ ကျနော် သိပ်မသိဘူး။ ရှိတော့ရှိနေတယ်။ နောက် ဒီသဲရယ်ကလဲ အမျိုးတွေရှိတယ်။ လိုက်ပြန်မေးရတယ်။ အခု ထဲဘူးဖဲကတော့ ဒီအနွယ်ထဲမှာရှိတယ်။ ခွီးတီ။ အဲဒီတီရယ်ဆိုတာက အင်္ဂလိပ်နဲ့ စစ်ရေးမဟာမိတ်လုပ်တယ်။ သူက တောင်ငူသွားပြီးတော့မှ ( မစ်တာအွန်ရီလေး)တို့နဲ့။ …..က အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ သိမ်းပြီးတဲ့နောက် ဒီတောင်ငူ ရွှေကြည်ဘက်မှာ လာပြီးမှ အုပ်ချုပ်ရေး ချမှတ်ပြီးမှ အင်္ဂလိပ်အုပ်ချုပ်ရေးအဖွဲ့။ အဲမှာ တီရယ်ကဆင်းပြီးတော့မှ အင်္ဂလိပ်နဲ့ မဟာမိတ်လုပ်မယ်ဆိုပြီးတော့မှ ကျနော်တို့ ၁၉၅၇ မှာ မဟာမိတ်စာချုပ်တယ်။ မဟာမိတ်စာချုပ်ကအဲဒီနွားဂျို တစ်ခုပေါ်မှာ အသိအမှတ် လုပ်ပြီးပြုတယ်။”
ခွီးစောဖျာများနဲ့ ကရင်နီပြည်
၁၇၅၀ ခုနှစ်ဝန်းကျင်ကနေ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးသွားတဲ့အထိ ကရင်နီပြည်ကို ခွီးစောဖျာ အဆက်ဆက်ဖြင့် အုပ်ချုပ်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတောအတွင်းမှာ အင်္ဂလိပ်မှ စစ်ကူတောင်းဆိုလာတဲ့အတွက် စောဖျာတို့က ကရင်နီအမျိုးသားတွေနဲ့ အတူပူးပေါင်းပြီး ပါဝင်တိုက်ကူခဲ့ကြပါတယ်။
ဒုတိယ ကမ္ဘာစစ်အပြီး စောဖျာအုပ်ချုပ်တဲ့ ကရင်နီပြည်ဟာ ကရင်ဖြူလိုလားသူ၊ ဗမာလိုလားသူ ဆိုတဲ့မသင့်မြတ်တဲ့ အင်အားပြိုင်ပွဲတွေ ဖြစ်လာတဲ့အတွက် သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ဗမာပြည်အစိုးရ အာဏာပိုင်တို့က ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးအုပ်ချုပ်လာပါတော့တယ်။
“အဲဒီတုန်းက စော်ဘွားတွေက အာဏာသိမ်းခံလိုက်ရတာကိုး။ အာဏာသိမ်း ခံရပြီးနောက်ကျတော့ တောထဲရောက်လာကြတယ်လို့ ပြောလို့ရတာပေါ့။ သူကိုယ်တိုင် (ကရင်နီတော်လှန်ရေး အဖွဲ့အစည်း) ပြောတာကတော့ ဒီအစိုးရကို ၁၉၄၈ ခုနှစ်ကတည်းက စဖွဲ့ထားတယ်။ မြလဲကို ၀င်သိမ်းပြီးမှ အမာခံမြလဲကို ၀င်သိမ်းပြီးမှ တော်လှန်ရေးဖြစ်ပေါ်လာတယ် အဲ့လိုမျိုး သူကိုယ်တိုင်ရဲ့သမိုင်းကို အဲလိုရေးထားတာကိုး” ဟု သက်ရှိထင်ရှား ရှိနေသေးတဲ့ စောဖျာမျိုးနွယ်ဆက်ဖြစ်တဲ့ ခူးဗျားရယ်ပေါလူက ပြောပါတယ်။
ဖဆပလအစိုးရဟာ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီ ဥက္ကဌ ဦးဘီတူရီနေထိုင်တဲ့ မြလဲရွာကို ၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့နံနက် ၂ နာရီအချိန်မှာ ကျူးကျော်ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ဦးဘီတူရီ မှ ကရင်နီအမျိုးသား တပ်မတော်တစ်ရပ်ကို ဖွဲ့စည်းထူထောင်ပြီး ကျူးကျော်ဝင်ရောက်တဲ့ ဖဆပလ အစိုးရတို့ကို ခုခံတိုက်ခိုက်ရာမှ ကရင်နီတော်လှန်ရေး ပေါ်ပေါက်လာရတာပါ။
စောဖျာမျိုးနွယ်ဖြစ်တဲ့ ဆရာကြီးထဲဘူးဖဲဟာ  ၁၉၆၀ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘွဲ့ ရယူပြီးတော့ ကရင်နီစာပေ စတင်တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် ဖဆပလ အစိုးရကလက်မခံပဲ ပိတ်ပိင်ခဲ့တဲ့အတွက် ၁၉၆၆ ခုနှစ်မှာ ကရင်နီတော်လှန်ရေးထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။

Comments