ပျောက်ကွယ်လုနီး ကယောရိုးရာ အိမ်သစ်တက်ပွဲ

ရေးသားသူ -  ဒေလီထက်

စနေနေ့, 04 စက်တင်ဘာလ 2010 22:50 

လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်တွေကို တားဆီးကာကွယ်နိုင်ဖို့ လူတိုင်းလူတိုင်းဟာ အရိပ်ရတဲ့ ဓနိမိုး၊ ဖက်မိုး၊ သွပ်မိုး၊ ပျဉ်ထောင်အိမ်၊ တိုက်အိမ် စတဲ့ အိမ်လေးတွေကို ဆောက်ပြီး နေထိုင်ကြရပါတယ်။ အိမ်တွေ ဆောက်ပြီးပြီဆိုရင်လဲ အိမ်သစ်တက်ပွဲကို ကျင်းပပြုလုပ် လေ့ရှိကြပါတယ်။ ကယောလူမျိုးတွေကတော့ ယခင်က ထုံးထမ်းစဉ်လာအရ ကျင်းပပြုလုပ်လေ့ရှိပြီး အခုချိန်မှာတော့ ဒီထုံးထမ်းစဉ်လာတွေဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

နှစ်ပေါင်းနှစ်ဆယ်နီးပါးကတည်းက ပပျောက်လုနေပြီ ဖြစ်တဲ့ ကယောရိုးရာ အိမ်သစ်တက်ပွဲ ဓလေ့ထုံးတမ်း စဉ်လာဟာ ကယောလူမျိုးတို့ရဲ့ သမိုင်းစဉ်လာစာအုပ် ရှားပါးခြင်း၊ ကိုယ့်ရပ်ရွာဒေသ မဟုတ်ပဲ တခြားတနယ်တကျေးကို ပြောင်းရွေ့နေထိုင်ရတဲ့အပြင် ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ အခုလို ခေတ်ကြီးမှာ ဝမ်းစာရေးအတွက် ရှာဖွေစားသောက်နေရတဲ့ အခက်အခဲတွေကြောင့် ဖြစ်တယ်။ ဝမ်းစာရေးကိုပဲ ပူပန်နေကြရလို့ ထုံးထမ်းစဉ်လာ ဘယ်လိုရှိလဲဆိုတာ စိတ်မဝင်စားကြသလို၊ သိရှိမှု၊ လေ့လာမှု အားနည်းနေတာ ဖြစ်တယ်လို့ အသက် ၃ဝ ဝန်းကျင်အရွယ် ကယောအမျိုးသား တစ်ယောက်က ပြောသွားပါတယ်။
“မသိတဲ့လူက ပိုများမယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က မလေ့လာဘူးလေ။ သိတဲ့ လူဆီကို ကျနော်တို့ မလေ့လာတဲ့အခါကြတော့ အဲလိုမျိုး အားနည်းချက် ရှိသွားတယ်”
ကယောလူမျိုးတို့ရဲ့ အိမ်သစ်တက်ပွဲမှာ ကျင်းပပြုလုပ်သွားလေ့ရှိတဲ့ လွမ်းချင်းတေး သီဆိုပြိုင်ပွဲက တခြားမျိုးနွယ်စုတွေနဲ့ အနည်းငယ် တူနေပေမယ့်၊ အိမ်ခေါင်မိုး ခေါင်အုတ်တာရယ်၊ မျက်နှာကို အိုးမဲတွေသုတ် ရုပ်ပျက်နေအောင် ရုပ်ဖျက်ထားကြတဲ့ နတ်တပိုင်း လူတပိုင်း ယောင်ဆောင်ပြီး နတ်မောင်းထုတ်တဲ့ အရာတွေက တခြားတိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ မတူပါဘူး။
အိမ်သစ်တက်ပွဲမှာ ကျွေးမွေးဧည့်ခံတဲ့ ကျွဲး၊ နွားတွေ များရင်များသလို နည်းရင်နည်းသလို နတ်ယောင်ဆောင် တတ်ပါတယ်။ ကျွဲနှစ်ကောင် သတ်မယ်ဆိုလို့ရှိရင် နတ်ယောင်ဆာင်တဲ့ လူက ၇ နှစ်ယောက်လောက် ရှိတယ်။ နတ်ယောင်ဆောင်တဲ့ လူ ၇ နှစ်ယောက်နဲ့ သန့်ရှင်းတဲ့လူ ၇ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်ဖမ်းတဲ့ နည်းတွေနဲ့ တိုက်ခိုက်ကြရပါတယ်လို့ ကယောယဉ်ကျေးမှု တာဝန်ခံ ခူးဂျိုးဇက်က ပြောကြားသွားပါတယ်။
“နတ်ယောင်ဆောင်တဲ့ လူက အားဘယ်လိုပဲရှိရှိ အခုနက သန့်ရှင်းတဲ့လူ ပုံစံလို ဟန်ဆောင်ပြီးတော့ သူက ဝင်ဖမ်းလိုက်ပြီဆိုရင် နတ်တပိုင်း လူတပိုင်း ဖြစ်တဲ့ လူက သူ့နှကိုယ်ကိုယ်သူပြစ်လှဲ ရတော့မှာပဲ။ သေဟန်ဆောင် ဘာညာ။ ဒါမှသာလျင် ဒီအိမ်သူ၊သား အားလုံးဟာ သူ့ရဲ့ကံကြမ္မာ၊ ကောင်းမှုကုသိုလ် အောင်နိုင်မယ်လို့ အဲလိုယူဆတယ်”
နတ်ယောင်ဆောင်တော့မယ်ဆိုရင် ဘယ်သူမှ မမြင်အောင် ရွာပြင်မှာ သွားစီစဉ်ရပြီး အချိန်တန်လို့ အိမ်သစ်ကို လာပြီဆိုရင် ဗုံတွေတီးပြီး လာကြတယ်။ လူတွေကိုလဲ ကြောက်အောင် လိုက်ဖမ်းတဲ့ ပုံစံလုပ်ကြတယ်။ တချို့က ပလိုင်း၊ ဓါး၊ ခေါင်ရည်မောက်၊ ခွက် စတာတွေကို ကိုင်လာကြပြီး ပန်ကန်တွေခံပြီး တောင်းပြီဆိုရင် အူးသဲ၊ အသားတွေ ထည့်ပေးရပါတယ်။ ခေါင်ရည်တွေလဲ ထည့်ပေးရပါတယ်။ နတ်ယောင်ဆောင်ကြတဲ့ လူတွေက အိမ်ပေါ်ကို တက်ခွင့် မရှိပါဘူး။ အိမ်အောက်မှာပဲ နေပြီး စားရပါတယ်။ ရသမျှ စားစရာတွေကိုလဲ အကုန်လုံး မစားဘူး တစ်ခုနည်းနည်းချန်ထားပြီးတော့မှ တကယ့်နတ်တွေကို ကျန်နေတဲ့ စားစရာနဲ့အတူ ရွာပြင်မှာ တပါးတည်း မောင်းထုတ်လိုက်ရပါတယ်။
အခုလို နတ်တပိုင်း လူတပိုင်း ယောင်ဆောင်ရတာဟာ အိမ်သစ်မှာ ရှိတဲ့ မကောင်းဆိုးဝါး နတ်ဆိုးတွေကို မောင်းထုတ်ပေးတာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးလို ရုပ်ဖျက်ကြတဲ့အပြင် ပြိုင်ပွဲတွေနဲ့ ဓလေ့ရိုးရာ အီရိုး ခေါ် လွမ်းချင်းတေးတွေကိုလဲ သီဆိုကြတယ်။ တစ်ဖွဲ့ထဲ မဟုတ်ပဲနဲ့ လူလေးယောက်ပါ အဖွဲ့ သုံးဖွဲ့အထိ ဖွဲ့နိုင်တယ်။ တဖွဲ့ချင်းစီက ခေါင်းဆောင် တယောက်ကိုလဲ ရွေးရပြီး တဖွဲ့ချင်း ပြိုင်ကြရပါတယ်။
လွမ်းချင်းတေး သီဆိုရာမှာ ဖားစည်ကို အသုံးပြုရပါတယ်။ ဖားစည်ကို အသုံးမပြုခင်မှာ ကြက်တစ်ကောင်သတ်ပြီး ကြက်သွေးနဲ့ ဖားစည်ကို သုတ်လိမ်းကြတယ်။ ဖားစည်အပေါ်မှာ ကယောဘာသာစကားနဲ့ ရှီးရော်တူ ခေါ် ပိုးစောင် အသစ်စက်စက် တစ်ထည်ကို အုပ်ထားရတဲ့အပြင် ခေါင်ရည်ယူပြီးတော့ ဖားစည်ပေါ်မှာ သုံးလေးစက် လောင်းပြီး တိုက်ကျွေးရတယ်။ ထို့အပြင် အသား၊ ထမင်း၊ ဟင်းတွေကိုလည်း နည်းနည်းစီ တင်ပေးရပါတယ်။
တစ်နာရီလောက်ကြာမှ ဖားစည်ထိန်းသိမ်းရေးက အစားအသောက်တွေကို လာယူသွားပြီး ရွာထောင့်မှာ သွားထားရတယ်။ ပြီးမှ ဖားစည်စတီးပြီး လွမ်းချင်းတေး ပြိုင်ပွဲကို စတင်ကြပါတယ်။ ပထမရတဲ့ လူကို အိမ်ရှင်က ခေါင်ရည် ၇ နှစ်မောက်၊ အသား ငါးပိဿာ၊ ခေါင်ဖတ် ၇ အိုး ပေးရပါတယ်။ ဒုတိယဆုက ခေါင်ရည် ၅ မောက်၊ အသား ၂ ပိဿာ၊ ခေါင်ဖတ် ၂ အိုး။ တတိယက ကြက်ဖကြီးကြီး တစ်ကောင် ခေါင်ရည် ၂ မောက်ကို ပြိုင်ပွဲဝင်တဲ့ လူတွေကို ပေးရပါတယ်။
လွမ်းချင်းတေး သီဆိုရာမှာ ည ၇ နှစ်နာရီက စမယ်ဆိုရင် မနက် ၇ နာရီထိ မိုးလင်းပေါက် သီဆိုဖျော်ဖြေရတယ်။ သတ်မှတ်ထားတဲ့အချိန် မပြည်ဘူးဆိုလို့ရှိရင် အိမ်ရှင်ကို အလျော် ပြန်ပေးရတယ်လို့ ခူးဂျိုးဇက်က ပြောသွားပါတယ်။
“မိုးမလင်းပဲနဲ့ သူတို့ဟာ ပြီးပြတ်သွားမယ်ဆိုလို့ရှိရင်။ ဖားစည်ခလည်းလျော်၊ ခေါင်ရည်ဖိုးလျော်။ အသားဖိုးလျော်”
ရလာတဲ့ ဖားစည်ခ လျော်ကြေးတွေကို အိမ်ရှင်က ရွာရဲ့ ရန်ပုံငွေ အဖြစ်ထားထားကြပါတယ်။
အိမ်ကိုတော့ အမိုး မိုးပြီးသွားပါပြီ ဒါပေမယ့် အိမ်ခေါင်အုပ်တာကို မအုပ်သေးပဲ အလွတ်ထားကြပါတယ်။ အဲဒီခေါင်အုပ်ဖို့ လူသီးသန့်ရှာထားရပြီး အဲဒီလူတွေက ဓမ္မတာ (ရာသီ) လာနေတဲ့ အမျိုးသမီးတွေနဲ့အတူ ထမင်းမစားရပါဘူး။
အိမ်မိုး မမိုးခင် သက်ကယ်တွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို အိမ်ပေါ် အရင်ဆုံး အပြီးအစီး တင်ထားရပါတယ်။ အိမ်အမိုး စမိုးပြီဆိုရင်တော့ တစ်ယောက်မှ အိမ်အောက်ကို မဆင်ရဘူး။ အိမ်ပေါ်မှာပဲ နားပြီးတော့မှ သက်ကယ်တစ်စီး ယူပြီး အိမ်ပေါ်မှာ နတ်ကောင်း၊ နတ်ဆိုး ရှိ၊မရှိကို စမ်းသပ်တဲ့ အနေနဲ့ ခေါင်းတစ်လုံးနဲ့ လက်နှစ်ဖက်ပုံစံ ပြုလုပ်တယ်။
ပြီးတော့မှ လူနှစ်ယောက်က ခေါင်မိုးပေါ်က တုတ်တန်းပေါ်မှာ တစ်ယောက်တဖက် တက်နေပြီး နတ်ကောင်းရှိ၊မရှိ နတ်ဆိုးရှိ၊မရှိ ပြောပြီး တယောက်နဲ့ တစ်ယောက် ပစ်ပေးကြပါတယ်။ အိမ်သစ်တက်ပွဲမှာ ကျွဲ၊ နွား ဘယ်နှစ်ကောင်း သတ်ရမယ်ဆိုတာလဲ အခုလိုပဲ ပြုလုပ်သွားပါတယ်။
အိမ်သစ်တက်ပွဲတွေက ကနေ့ထိ ရှိနေသေးပေမယ့် အရင်လို ကြီးကျယ်ခမ်းနားမှုတွေ မရှိတဲ့အပြင် မပျော်တော့သလို ရိုးရိုးလေးပဲ လုပ်ကြတာကို မြင်တွေ့ရပါတယ်။
ခမ်းနားပျော်ရွင်ဖွယ်ရာ ကယောမျိုးနွယ်စုတို့ရဲ့ အိမ်သစ်တက်ပွဲဟာ ပပျောက်နေတာ နှစ်နှစ်ဆယ်နီးပါး ရှိနေပြီး အိမ်သစ်တက်ပွဲနဲ့ ပတ်သက်လို့ ကရင်နီဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ ကယော မိသားစုတွေအားလုံး ထုံးထမ်းအစဉ်အလာ ဘယ်လိုရှိလဲဆိုတာ ပြောပြချင်တဲ့ ရည်ရွယ်ချက်နဲ့ တကြိမ်လောက် လုပ်သွားချင်တယ်လို့ ကယော ယဉ်ကျေးမှု တာဝန်ခံ ခူးဂျိုးဇက်က သူ့ရဲ့ ဆန္ဒကို ပြောသွားပါတယ်။

Comments